စပိန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ ကမ်းလှမ်းလိုက်တဲ့ ပီကေး

ကတ်တာလိုးနီးယားပြည်နယ်ခွဲထွက်ဖို့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် နှုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ဂျရတ်ပီကေးက စပိန်နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့ အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ကတ်တာလိုးနီးယားပြည်နယ်ကို စပိန်နိုင်ငံကနေ ခွဲထွက်ဖို့အတွက် ဘာစီလိုနာမြို့မှာ ဆန္ဒမဲပေးဖို့ ကြိုးစားခဲ့တဲ့သူတွေကို စပိန်နိုင်ငံ လုံထိန်းတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ လုံထိန်းတွေဟာ နံပါတ်တုတ်နဲ့ ရော်ဘာကျည်တို့ကို အသုံးပြုပြီး ဖြိုခွဲခဲ့တာကြောင့် လူပေါင်း ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကတ်တာလိုးနီးယားပြည်နယ်ရဲ့ မြို့တော်ကြီးတစ်ခုဖြစ်တဲ့ ဘာစီလိုနာမြို့အခြေစိုက် အသင်းဖြစ်တာကြောင့် အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ကတ်တာလိုးနီးယားပြည်သူတွေအတွက် ပီကေးက တုံ့ပြန်တဲ့ အနေနဲ့ လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခွင့်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ စပိန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြတို့က ကျွန်တော်ဟာ စပိန်နိုင်ငံအတွက် ပြဿနာတစ်ခုလို့ မြင်ခဲ့မယ်ဆိုရင် လာမယ့်ကမ္ဘာ့ဖလားမှာ ကျွန်တော် ပါဝင်မကစားပေးတော့ပါဘူး”လို့ ပီကေးက လာ့စ်ပါးမတ်စ် အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

“အဲဒီကစားပွဲဟာ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အရမ်းခက်ခဲတဲ့ကစားပွဲဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အဆိုးရွားဆုံး အတွေ့အကြုံလည်းဖြစ်လာနိုင်ပါတယ်”

“ကျွန်တော့်အနေနဲ့ ကတ်တလန်ပြည်နယ်နဲ့ထပ်တူ ခံစားရပါတယ်။ ပြီးတော့ ကတ်တလန်ပြည်သူတွေ အတွက်လည်း ဂုဏ်ယူမိပါတယ်”

“ကျွန်တော်တို့က လူနည်းစုမဟုတ်ပါဘူး။ ကတ်တာလိုးနီးယားပြည်နယ်မှာလူပေါင်း သန်းချီရှိပါတယ်။ ကျွန်တော်တို့က လူဆိုးတွေမဟုတ်ပါဘူး။ ဆန္ဒမဲ ပေးချင်ရုံသက်သက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

(Duwun)