Lethwei in Japan 5 Nexurise အတွက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၇
ဂျပန်နိုင်ငံ၌ (၅)ကြိမ်မြောက် ကျင်းပမည့် Lethwei in Japan 5 Nexurise အတွက် သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့တွင် ဂျပန်နိုင်ငံ၌ပြုလုပ်ခဲ့ပြီး တွဲဆိုင်းစုစုပေါင်း ခြောက်ဆိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်သော တွဲဆိုင်း ခြောက်ဆိုင်း၌ ငါးဆိုင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့သမားများ ပါဝင်သော ပွဲစဉ်များဖြစ်ပြီး ကျန်တွဲဆိုင်းတစ်ဆိုင်းမှာ ဂျပန်နှင့် သြစတြေးလျတို့၏ တွဲဆိုင်းဖြစ်ကြောင်း သိရသည်။
Lethwei in Japan 5 Nexurise ၌ ၆၅ကီလိုတန်းတွင် ဟီကာရူဟာဆူမီ (ဂျပန်)နှင့် ဝင်းထွန်း (မြန်မာ)၊ ပါဝိ (ထိုင်း)နှင့် သားအသည်း တစ်ပွင့် (မြန်မာ)၊ ၇ဝ ကီလို တန်းတွင် ခိုဟီတို ခဲရှီ(ဂျပန်)နှင့် ရန်နိုင်အောင်(မြန်မာ)၊ ဟာရေယူရာ (ဂျပန်) နှင့် ဖျံသွေး (မြန်မာ)၊ ၆ဝ ကီလိုတန်းတွင် မာကိုတို (ဂျပန်)နှင့် ဟံသာဝတီသား (မြန်မာ)တို့ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
ထို့ပြင် ဂျပန်နိုင်ငံ၌ ပြုလုပ်သော ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများတွင် ရှုံးပွဲမရှိသေးသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသော မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ဖျံသွေးကလည်း ယခုပွဲစဉ်တွင် မိမိ၏ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောသည်။ ”ပြည်ပမှာ သွားယှဉ်ပြိုင် ရတာဖြစ်ပေမယ့် အကောင်းဆုံး ကြိုးစားမှာပါ။ ကျွန်တော့်ရဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသိမ်း သွားပါမယ်”ဟု ဖျံသွေးကပြောသည်။ Lethwei in Japan 5 Nexurise ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(မြ၀တီ)