မြန်မာလုပ်သားများထံမှ ငွေတောင်းသော ပွဲစားများကို ဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထားဟုဆို

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နေသော မြန်မာလုပ်သားများထံမှ ငွေတောင်းခံနေသော မြန်မာနှင့် ထိုင်းနိုင်ငံသားပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်က ညွှန်ကြားခဲ့ကြောင်း မြန်မာသံရုံးတာဝန်ရှိသူက ပြောသည်။

CI လက်မှတ်ပြုလုပ်နေ သော မြန်မာလုပ်သားများကို မြန်မာနှင့်ထိုင်းနိုင်ငံသား ပွဲစားများက CI စခန်းအတွင်း ဝင်ခွင့်နှင့် ပြုလုပ်ခများ အဆမတန် တောင်းခံနေကြောင်း တိုင်ကြားမှုများ ဖြစ်ပေါ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က စက်တင်ဘာ ၂၆ ရက်တွင် ညွှန် ကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံ အရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။

‘‘ပွဲစားတွေက တော်တော် ဆိုးဆိုးရွားရွားဖြစ်နေတာ။ အဓိကက သူတို့ကို ဖမ်းဆီးစစ်ဆေးဖို့ ညွှန်ကြားတာပေါ့။ ကျွန်တော်တို့ လည်း CI စခန်းတွေကို လိုက်လံ စစ်ဆေးနေတယ်’’ဟု ဦးမိုး အောင်ခိုင်က ပြောသည်။

ပွဲစားများသည် မြန်မာလုပ်သားတစ်ဦးလျှင် CI ပြုလုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၄,၅၀၀ မှ ၆,၀၀၀ (ကျပ်နှစ်သိန်း လေးသောင်း)အထိ တောင်းခံနေကြောင်း ဦးမိုးအောင်ခိုင်က ဆက်လက်ပြောသည်။ မြန်မာလုပ်သားများအား အသစ်ထုတ်ပေးနေသည့် CI ကတ်များပြုလုပ်ရာတွင်ထိုင်းနိုင်ငံတစ်ဝန်းရှိ 7ELEVEN စတိုးဆိုင်များ၌ ဘတ် ၃၁၀ (ကျပ် ၁၂,၀၀၀ ခန့်) ပေးသွင်းရမည်ဖြစ် ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

‘‘CI စခန်းတွေမှာ ပွဲစားတွေ က စောင့်နေကြတာ။ ဝင်ခွင့်အ တွက် ပိုက်ဆံတောင်းနေကြတာ။ တကယ်တမ်းက ဝင်ခွင့်လည်းပေးစရာမလိုဘူး။ အခုက ပိုက်ဆံပေးမှ စခန်းထဲဝင်ရတဲ့ အခြေအနေဖြစ်နေတာ။ တိုင်တဲ့အမှုတွေ လည်း မနည်းဘူး’’ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့်ပတ်သက်သော ဥပဒေသစ် ထုတ်ပြန် ပြီးနောက် တရားဝင်လုပ်သားအဖြစ် နေထိုင်ခွင့်ပြုရန် ထိုင်းအစိုးရက စိစစ်ထားသည့် မြန်မာလုပ်သားလေး သိန်းခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရန် နခေါစဝမ်၊ ဆောင်ခလာနှင့် ချင်းမိုင်မြို့တို့ တွင် စက်တင်ဘာ ၁၅ ရက်ကစ၍ CI စခန်းသုံးခု ထပ်မံတိုးချဲ့ဖွင့် လှစ်ထားသည်။

ထို့အပြင် CI လက်မှတ်ပြု လုပ်ပြီးသူများသည် နေထိုင်ခွင့်(ဗီဇာ)နှင့် အလုပ်လုပ်ကိုင်ခွင့် (အလုပ်ပါမစ်) လက်မှတ်များရရှိရန် ဆက်လက်လျှောက်ထားရမည်ဖြစ်သည်။ ယင်း CI လက်မှတ်သည် လေးနှစ်သက်တမ်း ရှိပြီး ဗီဇာ ၂ နှစ် ပါဝင်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထားရှိသော်လည်း နေထိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်း အပါအဝင် တရားမဝင် မြန်မာလုပ်သားများအား အဆိုပါ CI စာအုပ်များကို မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်မြို့ တို့၌ စခန်းတစ်ခုစီနှင့် မဟာချိုင်မြို့တွင် စခန်းနှစ်ခု စုစုပေါင်းခြောက်ခု ဖွင့်လှစ်ထုတ်ပေးနေသည်။ ယင်းစခန်း ခြောက်ခုသို့ CI လက်မှတ် လာရောက်ပြုလုပ်သည့် မြန်မာလုပ်သား သုံးသိန်းကျော် ရှိကြောင်း ဦးမိုးအောင်ခိုင် က ပြောကြားသည်။

(7days)