နိုင်ငံတကာ သံတမန်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်ရန် ဖိတ်ကြားထား
အကြမ်း ဖက်ခံရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတကာ သံတမန်များအား သွားရောက်ရန်ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပြည်တွင်းအခြေစိုက် သံရုံး (၄၇) ရုံးမှ သံတမန်များနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ် အကြီးအကဲများအား ဖိတ်ကြားထားပြီး အဆိုပါခရီးစဉ်သို့ လိုက်ပါမည့် သံတမန်များစာရင်းကို လက်ခံနေဆဲဖြစ်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။
‘‘ကျွန်တော်တို့ ဖိတ်ထားတာတော့ ၂၈ ရက်ကို ဖိတ်ထားပါတယ်။ (ဘယ်အချိန်ထွက်မလဲဆိုတာ) အခုအချိန်က ပြောဖို့နည်းနည်းစောသေးတယ်။ ဘယ်သူတွေ လိုက်ဖို့ အကြောင်းပြန်လဲဆိုတာ မသိသေးဘူး’’ ဟု ၎င်းက ဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များကို စက်တင်ဘာ ၂၂ ရက်တွင် သမ္မတ အိမ်တော်၌ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ သံတမန်များကို မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများကို ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်း စုကြည်သည် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်သံတမန်များကို ဖိတ်ကြား၍ ရခိုင်ပြည်နယ်အရေးကို အထူးပြုပြောကြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းတွင်အခြေအနေ အမှန်ကို သိရှိစေရန် ၎င်းတို့ကို ရခိုင်ဒေသသို့ သွားရောက်ရန် ဖိတ်ကြားခဲ့သည်။
ယင်းကဲ့သို့ ရခိုင်ပြည်နယ်သို့ နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းအား ဖိတ်ကြားမှုအပေါ်ဒေသ ခံများက ကန့်ကွက်ဆန္ဒပြရန် အစီအစဉ်မရှိကြောင်းနှင့် လာရောက်သည့် သံတမန်များကသာ သံတမန်ကျင့်ဝတ်နှင့် အညီရေးသား၊ ထုတ်ပြန်၊ ပြောဆိုရန် လိုအပ်ကြောင်း စစ်တွေမြို့မှ ရခိုင်လူမှုကွန်ရက်များ ပေါင်းစပ်ညှိ နှိုင်းရေးအဖွဲ့ နာယက ဦးသန်း ထွန်းက မှတ်ချက်ပြုသည်။ ‘‘နိုင်ငံတကာသံတမန်တွေကို ဆန္ဒပြစရာလိုလည်း မလိုဘူး။ ဘာမှပြောစရာလည်း မလိုဘူး။ သူတို့လာမှ သာလျှင် ရခိုင်ဒေသရဲ့ ပကတိအနေအထားကို အမှန် တွေကို သိသွားမှာပေါ့လေ။ ဒီမှာရှိတဲ့ အစိုးရအဖွဲ့က လည်း အကြမ်းဖက်ခံရတဲ့နေရာတွေ၊ သူတို့ကို လိုက်ပြ သင့်တဲ့ နေရာတွေကိုလည်း လိုက်ပြသင့်တယ်’’ ဟု ၎င်းကဆိုသည်။ နိုင်ငံတကာသံတမန်များ၏ ယခုခရီးစဉ် မတိုင်မီ ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန် သံတမန်အဖွဲ့နှင့် ဂျပန်သံတမန်အဖွဲ့တို့ မောင်တောသို့ သွားရောက်ခဲ့သည်။ ၎င်းတို့သည် ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက် ခံရသည့် ဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော နှစ်ဖက်အသိုင်းအဝိုင်း၏ ဒုက္ခသည် စခန်းများသို့ သွား ရောက်တွေ့ဆုံခဲ့သည်။