ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူသည့် သမ္မတဦးထင်ကျော် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဘန်ကောက်၌ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတသည် ဆေးကုသမှု ခံယူအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြထားသည့် သမ္မတရုံးသတင်း ထုတ်ပြန်ချက် အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက သမ္မတကြီးဦးထင်ကျော် ကျန်းမာစေရန် ဆုတောင်းပေး သူများ ရှိသကဲ့သို့ သမ္မတကြီး ပိန်သွားသည်ဟု ယူဆ၍ မှတ်ချက်ပြုထားသူများလည်းရှိသည်။

နိုင်ငံတော်သမ္မတသည် လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုခံယူရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စက်တင်ဘာ ၈ ရက်က သွားရောက်ပြီး အူလမ်းကြောင်းတွင် Colonic Polyp (အူမကြီးအသားပိုထွက်ခြင်း) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် ခွဲစိတ်ကုသမှုခံယူရာ အောင်မြင်မှုရှိကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်သည်။

ဘန်ကောက်၌ ကျန်းမာရေးဆေးစစ်မှုမခံယူမီ စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုး မိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုသမ္မတနှစ်ဦး၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပါဝင်သော အစည်းအဝေးကို သမ္မတ အိမ်တော်သို့ ခေါ်ယူ ပြုလုပ်ခဲ့သည်။

ဒီချုပ်အစိုးရ တက်လာပြီး နောက်ပိုင်း နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံ့ခေါင်းဆောင် အများစုသည် ပြည်တွင်း၌သာ ဆေးကုသမှုခံယူပြီး နိုင်ငံတော်သမ္မတ၏ အထက်ပါ ပြည်ပကျန်းမာရေးဆေးကုသမှုကို ပထမဆုံးအကြိမ် တရားဝင် သတင်းထုတ်ပြန်သည်။ ယခုနှစ်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် စင်ကာပူနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရား ဝင် သတင်းထုတ်ပြန်ခြင်းမရှိပေ။