ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ လူမျိုးတုံးသတ်ဖြတ်မှုဟု သုံးနှုန်းခဲ့မှုအပေါ် မြန်မာအစိုးရ ပြင်းထန်စွာ ကန့်ကွက်

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က လူမျိုးတုံး သတ်ဖြတ်မှုဟု သုံးနှုန်းမှုအပေါ် မြန်မာအစိုးရက ပြင်းထန်စွာကန့် ကွက်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက စက်တင်ဘာ ၁၃ ရက် တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီအစည်းအဝေး တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ‘လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှု’၊ ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဟု တစ်ဖက်သတ် ပြောကြားမှုအပေါ် မြန်မာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးထင် လင်းက ယင်းကဲ့သို့ ကန့်ကွက် ပြောကြားသည်။

လူမျိုးတုံးသတ်ဖြတ်မှုဆို သည့်စကားရပ်များတွင် ဆိုးရွား ပြင်းထန်သည့် နောက်ဆက်တွဲ အဓိပ္ပာယ်များရှိနေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် အလွယ်တကူသုံး နှုန်းသင့်သည့် စကားလုံးများ မဟုတ်ဘဲ အထူးသတိထားသုံးနှုန်းသင့်ကြောင်း သံအမတ်ကြီး ဦးထင်လင်းက တုံ့ပြန်ပြောကြားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံဖြစ်၍ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်လာမည်ကို လက်ခံမည် မဟုတ် ကြောင်းနှင့် ယင်းစကားလုံးများကို ဆင်ခြင်မှုမရှိဘဲ အထောက်အထားမဲ့ သုံးနှုန်းပြောဆိုမှုသည် လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း သံအမတ်ကြီး က ပြောကြားသည်ဟု ဖော်ပြထား သည်။

ထို့အပြင် Zeid Ra’ad al- Hussein၏ပြောဆိုမှုသည် မီးလောင်ရာလေပင့်စေပြီး ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လူ့အသိုက် အဝန်းများအကြား ပိုမိုစိတ်ဝမ်းကွဲစေကြောင်း နှင့် နိုင်ငံတကာမှ မြန်မာအပေါ် နားလည်မှုလွဲမှားစေကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာနထုတ်ပြန် ချက်တွင် ပါရှိသည်။ ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က ယင်းဒေသ၌ လူမျိုးတုံးသတ်ဖြတ်မှု လုံးဝ မရှိကြောင်း သြဂုတ်လဆန်းပိုင်းက ထုတ်ပြန်သော ၎င်း တို့ကော်မရှင်အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။