Stock Android ပါဝင်တဲ့ Mi A1 ကို Xiaomi မိတ်ဆက်
နယူးဒေလီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Xiaomi က နောက်ဆုံးပေါ် dual-camera စမတ်ဖုန်း ကို မိတ်ဆက်ကြေညာ ခဲ့ပါတယ်။ အဆိုပါစမတ်ဖုန်းသစ်ကို Xiaomi Mi A1 လို့ ခေါ်ဆိုပါတယ်။ Mi A1 ရဲ့ hardware ဟာ Xiaomi Mi 5X နဲ့ဆင်တူပါတယ်။ ဒါပေမဲ့ A1 ဟာ Android One ကို ကိုယ်စားပြုတာဖြစ်ပြီး ဖုန်းမှာ stock Android 7.1.2 Nougat ကို အသုံးပြုထားပါတယ်။
Mi A1 မှာ Snapdragon 625 chipset ပါဝင်ပြီး 4GB RAM, 64GB storage နဲ့ အသုံးပြုနိုင်ပါတယ်။ LCD က ၅.၅ လက်မဖြစ်ပြီး Full HD resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ flagship Mi 6 လိုမျိုး ကင်မရာနှစ်ခုနဲ့ dual-tone LED flash တို့ ပါဝင်ပါတယ်။ Fingerprint scanner ကိုလည်း ဖုန်းရဲ့ကျောဘက် မှာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Android One တံဆိပ်ကိုလည်း ကျောဘက်မှာ ရိုက်နှိပ်ထားပါတယ်။ ဘက်ထရီက 3,080mAh ဖြစ်ပြီး USB-C ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။
Stock Android ကို အသုံးပြုထားတဲ့အတွက် Xiaomi ရဲ့ MIUI 9 ကို ဒီစမတ်ဖုန်းမှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ကုမ္ပဏီက MIUI camera app ကိုတော့ ဆက်လက်အသုံးပြုထားပါတယ်။ ဒီဖုန်းအတွက် Oreo update ကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။ Xiaomi Mi A1 ကို Black, Gold, Pink စတဲ့အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ၁၄,၉၉၉ ရူပီး (ဒေါ်လာ ၂၅၀ ဝန်းကျင်) ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်မှစတင်ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါ တယ်။