နိုင်ငံအား တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေသည်ဆိုကာ ကာတာ၏ သံရုံးအား ချတ်နိုင်ငံ ပိတ်သိမ်း
အင်ဂျာမီးနား၊ သြဂုတ် ၂၄ ။ ။ လစ်ဗျားနိုင်ငံမှတစ်ဆင့် ချတ်နိုင်ငံအား တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေသည်စွပ်စွဲလျက် မြို့တော် အင်ဂျာမီးနားရှိ ကာတာသံရုံးကို ချတ်နိုင်ငံက ပိတ်သိမ်းကြောင်း ကြေညာကာ သံရုံးဝန်ထမ်းများကိုလည်း နိုင်ငံတွင်းက ထွက်ခွာရန် အချိန် ဆယ်ရက် ပေးလိုက်သည်။
“ချတ်နိုင်ငံရဲ့ တည်ငြိမ်မှု ပျက်ပြားအောင် လစ်ဗျားကနေတစ်ဆင့် ကာတာနိုင်ငံဟာ ဆက်လက် လုပ်ဆောင်နေရာမှာ ပါဝင်နေတာကြောင့် အစိုးရအနေနဲ့ ကာတာသံရုံးကို ပိတ်သိမ်းပြီး သံအမတ်၊ သံတမန်တွေနဲ့ သံရုံးဝန်ထမ်းတွေကို နိုင်ငံပိုင်နက်က ထွက်ခွာခိုင်းဖို့ ဆုံးဖြတ်ရပါတယ်။”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
“ဒီလို ထွက်ခွာကြဖို့ အချိန်ဆယ်ရက် ရပါမယ်။”ဟုလည်း ဆိုသည်။
“ဒေသတွင်း လုံခြုံအေးချမ်းရေးနှင့် တည်ငြိမ်မှုရှိရေး သဘောဆန္ဒအရသာ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း။” ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
ချတ်သမ္မတနိုင်ငံ၊ မော်ရီတေးနီးယားနှင့် ဆီနီဂေါနိုင်ငံတို့သည် ဇွန်လအတွင်းက ကာတာရှိ ၎င်းတို့ သံအမတ်ကြီးများ အားလုံးကို ပြန်လည်ခေါ်ယူထားခဲ့သည်။
ကာတာသည် အစ္စလာမ္မစ်အစွန်းရောက်များအား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်း၊ ယီမင်နှင့် အီဂျစ်နိုင်ငံတို့က သံတမန်ရေးနှင့် ကုန်သွယ်ရေး ဖြတ်တောက်ထားခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ယခု ချတ်နိုင်ငံ၏ ကာတာသံရုံး ပိတ်သိမ်းခိုင်းသည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အစွန်းရောက်များအား ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်များကို သဘာဝဓာတ်ငွေ့ကြွယ်ဝသော ကာတာ နိုင်ငံကမူ ငြင်းဆန်ထားသည်။
-Ref; AFP