မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး စင်ကာပူနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် ဩဂုတ် ၇ ရက်ကစတင်၍ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောကြားသည်။

စင်ကာပူသည် တရုတ်နိုင်ငံပြီးလျှင် ပြည်တွင်း၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ ကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။ စီးပွားရေးကုမ္ပဏီများအတွက် ခိုင်မာမှုရရှိစေရန် ကာကွယ်ပေးရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် အဆိုပြု ကမ်းလှမ်းပြီး ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

‘‘စာချုပ်ရဲ့ ရည်ရွယ်ချက်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ အတားအဆီး အဟန့်အတားတွေနည်းအောင်၊ လုပ်ငန်းတွေ ချောမွေ့စွာလုပ်နိုင်အောင် ကူညီပေးဖို့ပါ’’ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။ စင်ကာပူနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများ ကုမ္ပဏီဖွင့်၍ စီးပွားရေးလုပ်ကိုင်နေသူများရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ် လိုအပ်နေကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်သည် နိုင်ငံတစ်ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရကသိမ်းယူပြီး လုပ်ငန်းများ ရပ်ဆိုင်းခံရမှုများ ကြုံတွေ့ရပါက နစ်နာမှုမရှိစေရန် အကာအကွယ်ပေးသည့် စာချုပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးကောင်စီအစိုးရ အာဏာရယူပြီးနောက် ၁၉၆၂ နောက်ပိုင်း၌ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အစိုးရကသိမ်းယူခဲ့သဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ရာတွင် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံခြားသား လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘော တူစာချုပ်ကို အဓိကအလေးထား ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ဥရောပသမဂ္ဂအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် ငါးကြိမ်ခန့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ သဘောတူညီမှုများကို နှစ်နိုင်ငံဥပဒေပညာရှင်များ ညှိနှိုင်းပြီးနောက် အစိုးရအဖွဲ့သို့ တင်ပြကာ သဘောတူညီမှုရယူပြီး လာမည့်နှစ်တွင်  လက်မှတ်ထိုးနိုင်မည်ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး နှစ်နိုင်ငံသဘော တူညီမှုစာချုပ်အတွက် မြန်မာနိုင်ငံကို ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကမ်းလှမ်းထားသည်။