ပြင်သစ်စစ်သားများကို ကားဖြင့်တိုက်ပြေးခဲ့သည့် တရားခံအား ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး
ပြင်သစ်စစ်သားတွေကို ကားနဲ့ တမင်ဝင်တိုက်ပြီး မောင်းပြေးခဲ့တဲ့ တရားခံကို အထူးရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး နောက် ၅ နာရီအတွင်းမှာ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ် ၉ ရက်နေ့က ဆင်ခြေဖုံး ဒေသတခုဖြစ်တဲ့ လက်ဗဲလ်လွိုင်ဒေသတွင်းမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး စီတန်းချီတက် လမ်းလျှောက်လာခဲ့တဲ့ စစ်သားတွေကြားကို ဘီအမ်ဒဗလျူကားတစင်းက အရှိန်နဲ့ ဝင်တိုက်ခဲ့တာပါ။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ အသက် ၃၇ နှစ်အရွယ် အားမူကို ဖမ်းမိထားခဲ့ပြီဖြစ်တယ်လို့ ပြင်သစ် အခြေစိုက် လက်ပါရီဆယွန်သတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့နေအိမ်ကို ရဲတွေက ရှာဖွေခဲ့တာဖြစ်ပြီး သူနဲ့ ပတ်သက် ဆက်နွယ်နေသူတွေရဲ့ နေအိမ်တွေကိုပါ ရှာဖွေခဲ့ကြတာပါ။
အဲဒီနောက်မှာမှ ပြင်သစ်နိုင်ငံမြောက်ပိုင်းက အမြန်လမ်းမတခုပေါ်မှာ သူမောင်းသွားတဲ့ ကားကို အထူး ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ကားဟာ ကျည်ဆန်ရာဗရပွ ဖြစ်သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ ကားနဲ့တိုက်ခံရတဲ့အတွက် စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး သူတို့ထဲက ၂ ဦးကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တာပါ။
အဲဒီစစ်သားတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် စောင့်ကြပ်ဖို့ တာဝန်ချထားတဲ့ ပြင်သစ်လုံခြုံရေး တပ်မှ ဖြစ်ပါတယ်။ စစ်သားအုပ်စုကြား အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တဲ့ ဒီအမှုဟာ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဖြစ်တယ် ဆိုတာကို ယုံမှားသံသယဖြစ်စရာ မလိုဘူးလို့ ပဲရစ္စမြို့တော်ဝန်က ပြောခဲ့တာပါ။
ပြင်သစ်နိုင်ငံဟာ လတ်တလောမှာ အိုင်အက်စ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရနိုင်မှု အန္တရာယ်ရှိ အဆင့်တခုမှာ ရှိနေပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ တရားခံအမျိုးသား ကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
(DVB)