မောင်တောဒေသ လုံခြုံရေးတိုးမြှင့်ပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံ ANP ခေါင်းဆောင်များတောင်းဆို
ရခိုင်အမျိုးသားပါတီ (ANP)သည် မောင်တောမြို့နယ်အတွင်း ဒေသလုံခြုံရေးတိုးမြှင့်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သြဂုတ် ၉ ရက်တွင် တွေ့ဆုံတောင်းဆိုခဲ့ကြောင်း ယင်းပါတီဗဟိုအလုပ်အမှု ဆောင်ဦးဖေသန်းက ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မောင်တောဒေသ လုံခြုံရေး အပြည့်အဝတာဝန်ယူကြောင်းနှင့် လုံခြုံရေးအင်အား တိုးချဲ့ထားသည်ဟု ပြန်လည်ပြော ကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သူ ဦးဖေသန်းက ရှင်းပြ သည်။
‘‘သူ့(တပ်မတော်)ဘက်ကလည်း ဒေသလုံခြုံရေးအတွက် သူတို့လက်ပိုက်မကြည့်နေဘူး။ ဒါတွေအတွက် သူတို့အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်လို့ ပြောတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း၎င်းကဆိုသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူများ ပထမဆုံးတွေ့ဆုံမှုတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဗဟိုအလုပ်အမှုဆောင်ခြောက်ဦးတို့ တက်ရောက်ခဲ့သည်။ နှစ်နာရီခန့်ကြာ တွေ့ဆုံမှုတွင် ရခိုင်အမျိုးသားပါတီက မောင်တောဒေသလုံခြုံရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကို တင်ပြခဲ့ကြောင်း ဦးဖေသန်းက ပြောသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသစုံ စမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအကျဉ်းချုပ်အကြောင်း ထည့်သွင်းဆွေးနွေးခြင်း မရှိ ကြောင်းနှင့် ပြည်ခိုင်ဖြိုးအပါအ ဝင် ၁၄ ပါတီထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ် ရေးကြေညာချက်နှင့်ပတ်သက်၍ အနည်းငယ်သာ ဆွေးနွေးခဲ့ ကြောင်း ၎င်းကပြောသည်။
‘‘ဒီကိစ္စက စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ ကျွန်တော်တို့က လက်မခံပါဘူး။ အဲဒီတုန်းက ကြေညာချက်မှာလည်း မပါဝင်ခဲ့ဘူး’’ ဟု ဦးဖေသန်းက စစ်အုပ်ချုပ်ရေး တောင်းဆိုချက်နှင့် ပတ်သက်၍ ၎င်းတို့ပါတီ၏ ရပ်တည်ချက် ကိုပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဂျပန်နိုင်ငံမှ သြဂုတ် ၇ ရက်ညနေ၌ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး နှစ်ရက်အကြာတွင် နေပြည်တော်၌ ရခိုင်အမျိုးသား ပါတီနှင့် လက်ခံတွေ့ဆုံခဲ့ ခြင်းဖြစ်သည်။
နေပြည်တော်ရှိ ရခိုင်အမျိုး သားပါတီလွှတ်တော်ကိုယ်စားလှယ်အားလုံးက လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ခွင့်ရရန် တောင်းဆိုခဲ့ရာ ခုနစ်ဦးသာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း ဦးဖေသန်းက ပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရခိုင်အမျိုးသား ပါတီအဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်တွင် ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိ ပူးပေါင်း လုပ်ဆောင်နိုင်ရေး ကိစ္စရပ်များ အပြန်အလှန်ဆွေး နွေးခဲ့ကြောင်း ပါရှိသည်။