နေမာရဲ့ ပြောင်းရွှေ့ကြေး အပြည့်အဝကို PSG မှ မပေးသ၍ နိုင်ငံတကာ အပြောင်းအရွှေ့လက်မှတ်ကို ဘာစီလိုနာ လွှဲပြောင်းပေးမည် မဟုတ်
ဘာစီလိုနာအသင်းဟာ နေမာရဲ့ စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်းကို ပီအက်စ်ဂျီအသင်းမှ အားလုံး မပေးချေသေး၍ ကစားသမားရဲ့ နိုင်ငံတကာ အပြောင်းအရွှေ့အသိအမှတ်ပြု လက်မှတ်ကို စီစဉ်ပေးမှာ မဟုတ်ကြောင်း စပိန်ကလပ်ရဲ့ သတင်းရင်းမြစ်များက ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာရဲ့ စာချုပ်လျော်ကြေး အပြည့်ရရှိဖို့ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ ဘရာဇီးကစားသမားရဲ့ ရှေ့နေ အပါအဝင် ကိုယ်စားလှယ် ၄ဦးဟာ သြဂုတ် ၃ ရက်နေ့က နေမာက ပီအက်စ်ဂျီ အသင်းဆီ မပြောင်းရွှေ့မီ ယူရို ၂၂၂ သန်းအတွက် ချက်လက်မှတ်တစ်စောင်အား ဘာစီလိုနာ အသင်းကို ပေးခဲ့ပါတယ်။
(ဓာတ်ပုံ – အီးပီအေ)
ဒါ့အပြင် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ကြားမှာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ အရောင်းအ၀ယ်ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် လာလီဂါဘောလုံးအဖွဲ့ချုပ်က လက်ရှိအချိန်အထိ နိုင်ငံတကာ အပြောင်း အရွှေ့အသိအမှတ်ပြု လက်မှတ် ITC ထုတ်ပေးဖို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးသမား ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၎င်းရဲ့ လိုအပ်တဲ့စာရွက်စာတမ်းကို အချိန်မီ မှတ်ပုံတင်သွင်းရန် ပျက်ကွက်ခဲ့ပြီးနောက် ပြီးခဲ့တပတ်က ပီအက်စ်ဂျီအသင်းရဲ့ ပထမဆုံးပွဲစဉ် အာမီယန်စ်နဲ့ လွှဲချော်ခဲ့ပြီးဖြစ်ပေမယ့် ကစားသမား ပြင်သစ်လီဂူးပွဲစဉ်(၂) ဂူအင်ဂမ့်နှင့် အဝေးကွင်းပွဲစဉ်ကို အသင်းနဲ့အတူ ကစားခွင့်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၅ နှစ်ရှိ နေမာဟာ စံချိန်တင် ပြောင်းရွှေ့ ကြေး ယူရို ၂၂၂ သန်း (ပေါင်သန်း ၂၀၀) ဖြင့် လီဂူ -၁ ကလပ်အသင်းဆီ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ အခွန်ဆောင်ပြီး ကနဦး (၅)နှစ် စာချုပ်အတွက် စုစုပေါင်း ပေါင်သန်း (၄၀၀) ရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခလစာမှာ ယူရို ၄၅ သန်း (ပေါင် ၄၀.၇ သန်း) ဖြစ်ကာ တစ်ပတ်လျှင် ယူရို ၈၆၅,၀၀၀ (ပေါင် ၇၈၂,၀၀၀) ဝင်ငွေ ရရှိပါတယ်။
(EFE_EPA)