ပိုင်နက်အငြင်းပွားရာ ရေပြင်တွင် အမေရိကန်သင်္ဘော ကင်းလှည့် ခုတ်မောင်းမှုကို တရုတ်ကန့်ကွက်

ပိုင်နက် အငြင်းပွားရာ တောင်တရုတ်ပင်လယ် ရေပြင်တွင် အမေရိကန် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ခုတ်မောင်းခဲ့မှုကို တရုတ်အစိုးရက ဝေဖန် ကန့်ကွက်ခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ် ဧရိယာ အားလုံးနီးပါးကို ၎င်းတို့ ပိုင်နက်အနေဖြင့် သတ်မှတ် ယူဆထားသောကြောင့် ဒေသတွင်း နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ အမေရိကန်ကမူ တောင်တရုတ် ပင်လယ်ကို နိုင်ငံတကာ ရေပိုင်နက်ဟုသာ သတ်မှတ်ကြောင်းနှင့် ပုံမှန် ကင်းလှည့် လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ကြောင်း ကြေညာထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ သောင်ခုံများနှင့် သန္တာကျောက်တန်းများကို အခြေပြုကာ လူလုပ်ကျွန်းတုများ တည်ဆောက်ပြီး စစ်စခန်းများ ဖြန့်ကျက်ကာ အဆိုပါ ဒေသကို ထိန်းချုပ်ရန် အားထုတ်လျက် ရှိသည်။ ယခု သီတင်းပတ် အတွင်းတွင်မူ အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော USS John S. McCainသည် တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းတစ်ခု အနီးမှကပ်၍ ဖြတ်သန်း ခုတ်မောင်းခဲ့ပြီး ယင်းသည် နိုင်ငံတကာ ဥပဒေများကို ဖောက်ဖျက်ရာ ကျနေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂန်ရှူအန်းက ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီလုပ်ရပ်အပေါ် တရုတ်အနေနဲ့ အပြင်းအထန် မကျေမနပ် ဖြစ်မိပါတယ်။ အမေရိကန် အစိုးရကိုလည်း တရားဝင် ကန့်ကွက်ကြောင်း အသိပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။

အမေရိကန် ရေတပ်သင်္ဘောသည် တရုတ်က ကျွန်းတုတစ်ခု ဆက်စပ် တည်ောဆက်ထားရာ မစ္စ်ချိဖ် သန္တာကျောက်တန်းနှင့် ရေမိုင် ၆ မိုင် အကွာမှ ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိ တစ်ဦးက အမေရိကန်သင်္ဘော ထိုကျွန်းတုအနီးမှ ဖြတ်သန်းစဉ် တရုတ်ရေတပ်၏ ဖရီးဂိတ် စစ်သင်္ဘော တစ်စီးက ရေဒီယိုဖြင့် ၁၀ ကြိမ်ထက်မနည်း ဆက်သွယ်ကာ သတိပေးခဲ့ကြောင်း AFPသို့ ပြောကြားခဲ့သည်။

“သူတို့ ပြောတာက သင်္ဘောကို နောက်ကြောင်းပြန်လှည့်ပါ။ သူတို့ ရေပိုင်နက်ထဲ ရောက်နေတယ် ဆိုပြီးတော့ပါ။ ကျွန်တော်တို့ သင်္ဘောကလည်း နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ပုံမှန် သတ်မှတ် လမ်းကြောင်းအတိုင်း ကင်းလှည့် ခုတ်မောင်းနေတာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်”ဟု အဆိုပါ အရာရှိက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် နှစ်စဉ် ဒေါ်လာ ၅ ထရီလီယံဖိုးမျှ ရေကြောင်း ကုန်စည် စီးဆင်းမှု လမ်းကြောင်းများ ဖြတ်သန်းနေပြီး ထုတ်ယူသုံးစွဲမှု မရှိသေးသည့် ငါးသယံဇာတနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့သိုက်များ ပေါများကြွယ်ဝစွာ ရှိနေခြင်းကြောင့် တရုတ်က ၎င်းတို့ ပိုင်နက်ဇုန်အဖြစ် သိမ်းသွင်းရန် အားထုတ်နေခြင်း ဖြစ်သည်။    Ref: AFP