ဒေါ်နယ်ထရမ့်နှင့် ရုရှား ဆက်ဆံရေးကို စုံစမ်းရန် FBI အကြီးအကဲဟောင်း မူလာကို ခန့်အပ်

လွှတ်တော်၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည့် အမေရိကန် တရားရေးဌာနသည် ၂၀၁၆ အမေရိကန် သမ္မတရွေးပွဲ တွင် ရုရှားတို့ ကြားဝင်စွတ်ဖက်မှု၊ ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် မော်စကိုအကြား ပူးပေါင်းကြံစည်နိုင်မှုတို့ကို စုံစမ်း စစ်ဆေးရန်အတွက် FBI အကြီးအကဲဟောင်း ရောဘတ်မူလာကို အထူးအရာရှိအဖြစ် ဗုဒ္ဓဟူးနေ့က ခန့်အပ် တာဝန်ပေးလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

FBI ညွှန်ကြားရေးမှူး ဂျိမ်းကိုမီကို အိမ်ဖြူတော်က ထုတ်ပယ်ခဲ့ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ခန့်အပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒီမိုကရက်များသာမက ရီပတ်ဘလစ်ကန်များကပါ ရွေးကောက်ပွဲတွင် ရုရှားတို့ ကြားဝင်စွက်ဖက်နိုင်မှုကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

တရားရေးဌာန၏ ကြေညာချက်အပြီးတွင် သမ္မတထရမ့်က ၎င်း၏အဖွဲ့နှင့် ပြည်ပအဖွဲ့အစည်းတစ်ခု အကြား ပူးပေါင်း ကြံစည်မှု မရှိခဲ့ကြောင်း၊ ဤကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ရုရှားတို့ ခြေရှုပ်မှုကိစ္စအပြင် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ကယ်ဖလင်းနှင့် ရုရှား အကြား ဆက်ဆံရေးကိစ္စများကို စုံစမ်းဖော်ထုတ်နေသည့် FBI ညွှန်ကြားရေးမှူး ဂျိမ်းကိုမီကို ထရမ့်က ထုတ်ပယ် လိုက်ပြီးနောက် အိမ်ဖြူတော်အပေါ် ဖိအားမြောက်မြားစွာ ကျရောက်လျက်ရှိသည်။ ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုကို သမ္မတက ကြားဝင်စွက်ဖက်ရန် မလျှော်မကန် ကြိုးစားခဲ့သည်ဟူသော သံသယများလည်း ထွက်ပေါ်လာခဲ့သည်။

စုံစမ်းမှုရလဒ်အပေါ် အမေရိကန်ပြည်သူများ အပြည့်အဝ ယုံကြည်မှုရှိရေးအတွက် အထူးစုံစမ်းရေးကောင်စီ လိုအပ်သည်ဟု ဒုတိယရှေ့နေချုပ် ရော့ရိုဆင်စတိန်းက ပြောကြားသည်။

ရောဘတ်မူလာကို ခန့်အပ်တာဝန်ပေးသည့် တရားရေးဌာန၏ လုပ်ဆောင်မှုကို လွှတ်တော်အတွင်းရှိ ဒီမိုကရက် အမတ်များနှင့် ရီပတ်ဘလစ်ကန်အမတ်များ နှစ်စုစလုံးက ထောက်ခံကြိုဆိုခဲ့ကြသည်။

သို့ရာတွင် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ဂျေဆန်ချာဖက်ဇ်ကမူ မရင်းတပ်ဖွဲ့ဝင်နှင့် အစိုးရရှေ့နေတစ်ဦးဖြစ်ခဲ့သူ ရောဘတ်မူလာသည် သမ္မတဘွတ်ရှ်၏ ခန့်အပ်မှုဖြင့် ၂၀၀၁ တွင် FBI ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး ရာထူးသက်တမ်းပြည့်သည့် ၂၀၁၁ တွင် သမ္မတအိုဘားမား၏ တောင်းဆိုမှု ကြောင့် ၂ နှစ် ထပ်မံဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၃ တွင် အိုဘားမားက ၎င်း၏ နေရာတွင် ဂျိမ်းကိုမီကို အစားထိုး ခန့်အပ်ခဲ့သည်။

ရောဘတ်မူလာကို အထူးအရာရှိအဖြစ် ဒုတိယရှေ့နေချုပ်က ခန့်အပ်ခြင်း ဖြစ်သော်လည်း ၎င်း၏ လုပ်ငန်းတာဝန်မှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော အခွင့်အာဏာရှိသည်။  # The Voice