အမေရိကန် လေယာဉ်တစ်စီးကို တရုတ် တိုက်လေယာဉ်များ ကြားဖြတ်နှောင့်ယှက်
အမေရိကန် လေယာဉ်တစ်စီးကို တရုတ် တိုက်လေယာဉ်များက ကြားဖြတ်နှောင့်ယှက် ပျံသန်းခဲ့ကြောင်း အမေရိကန် စစ်ဘက်က စွပ်စွဲ ပြောကြားလိုက်သည်။
Sukhoi Su-30 တစ်စီး ပျံသန်းနေစဉ်
အမေရိကန်၏ WC-135 လေယာဉ်သည် အရှေ့တရုတ် ပင်လယ်ပြင် အထက်ရှိ နိုင်ငံတကာ လေပိုင်နက်တွင် ပျံသန်းကာ ရေဒီယို သတ္တိကြွ ဖြာထွက်မှုများ ရှိမရှိ ထောက်လှမ်းနေစဉ် အတောအတွင်း တရုတ်၏ Sukhoi Su-30 ဂျက်တိုက်လေယာဉ် နှစ်စီးက ကြားဖြတ် နှောင့်ယှက်ခဲ့ခြင်းဟု ဆိုသည်။
တရုတ် တိုက်လေယာဉ် တစ်စီးသည် အမေရိကန် လေယာဉ်နှင့် ပေ ၁၅၀ မျှထိ နီးနီးကပ်ကပ် ရောက်ရှိခဲ့ပြီး ထိုအပြုအမူသည် ပရော်ဖက်ရှင်နယ် လုံးဝ မပီသဟု အမေရိကန်က ဝေဖန်လိုက်သည်။
တရုတ်သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ရန် အပြင်းအထန် ဆန္ဒရှိနေပြီး အဆိုပါ နယ်မြေများတွင် အမေရိကန်၏ လှုပ်ရှားမှုများကို သံသယကြီးကြီး စောင့်ကြည့်နေသည်။ သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် အဆိုပါ နိုင်ငံတကာ ပိုင်နက်ရေပြင် ရပ်ဝန်းနှင့် ဆက်စပ်၍ တရုတ်နှင့် အမေရိကန် တို့ကြား တင်းမာမှု အချို့လည်း ဖြစ်ပေါ်လျက်ရှိသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကို စစ်ဘက် ဆက်ဆံရေး ကဏ္ဍကရော၊ သံတမန်ရေးရာ ကဏ္ဍကပါ ဆက်သွယ် အသိပေးပြီး ကန့်ကွက်ထားပါတယ်”ဟု အမေရိကန်လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး လိုရီဟော့ဂ်ျက ဆိုသည်။
“ဒီလို ကြားဖြတ်နှောင့်ယှက် ပျံသန်းမှုဟာ ပရော်ဖက်ရှင်နယ် မပီသပါဘူး။ တရုတ် လေယာဉ်မှူးရဲ့ အပြုအမူဟာ လေယာဉ် နှစ်စီးလုံးအတွက် ပြဿနာတွေ ရှိလာစေနိုင်ပါတယ်”ဟုလည်း သူမက ပြောကြားခဲ့သည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြင့် စုံစမ်းစစ်ဆေးမှုများလည်း စတင်နေပြီဟု ဟော့ဂ်ျက အတည်ပြုခဲ့သည်။
အမေရိကန်၏ WC-135 လေယာဉ်သည် ယခင်က မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများနှင့် ပတ်သက်၍ ရေဒီယိုသတ္တိကြွမှုနှင့် အခြားအထောက်အထားများကို စုံစမ်းရှာဖွေသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ဖူး ကြောင်း သိရသည်။
Ref: CNN