” နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားတွေ ထိခိုက်လာမယ်ဆိုရင် အတိုက်အခံကောင်း တစ်ယောက်အနေနဲ့ ရပ်တည်မယ်”

 

ကျွန်တော်တို့အစိုးရ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူ လူထုရဲ့အကျိုးစီးပွားကို တတ်နိုင်သမျှ အကျိုးတူပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ ခွန်အားတွေနဲ့ ကျွန်တော်တို့ ရုန်းကန်ကြိုးစားဆောင်ရွက်ခဲ့တာ၊ သို့သော်လည်းပဲ ကျွန်တော်တို့အပေါ်မှာ အထင်မှားလား၊ အမြင်မှားလား၊ သံသယတွေနဲ့ ကျွန်တော်တို့ကိုလုပ်တိုင်း ကျွန်တော်တို့အပေါ်မှာ သက်သက်မဲ့ အပုပ်ချ၊ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ အများ ကြီး ရှိခဲ့တယ်။ သို့သော် အဲဒီအခက်အခဲတွေကြားထဲကပဲ အားလုံးမြင်တဲ့ အတိုင်းပဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးမှာ အားလုံးပူးပေါင်းဆောင်ရွက် ခဲ့တယ်။

အဲ့ဒီ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဒီကနေ့ အတိုက်အခံဖြစ်လာတဲ့အချိန် အဓိက အရေးကြီး တာကတော့ တခြားပါတီတွေ နာမည်ပျက်ဖို့၊ သိက္ခာချဖို့၊ သူတို့ လုပ်ရကိုင်ရ ခက်ဖို့၊ ကျွန်တော်တို့ ဦးတည်နေတာ မဟုတ်ဘူး။ ဦးတည်နေတာက နိုင်ငံတော်နဲ့နိုင်ငံသားတွေကို ချမ်းသာအောင် ဖွံ့ဖြိုးတိုးတက်အောင် ဒီအပေါ်မှာ ရည်ရွယ် ပြီးတော့ မူတည်ပြီးလုပ်တာမျိုး အစိုးရဘာလုပ်လုပ် ဒီနေ့တခြား ပါတီတွေ ဘာလုပ်လုပ် လိုက်ပြီးတော့ ကန့်လန့်တိုက်ပြီးတော့ ပြဿနာဖြစ်အောင်လုပ်နေဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ကို နိုင်ငံရေးအင်အားစုအချင်းချင်း သူအာဏာရရေး၊ ငါအာဏာရရေး၊ သူ့ပါတီ နာမည် ပျက်ရေး၊ ငါ့ပါတီနာမည်ရရေးကို လုပ်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ပြည်သူလူထုကို ဆင်းရဲတွင်းထဲ တွန်းပို့သလို ဒုက္ခပေးသလိုဖြစ်နေမယ်။

ဒါကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် လိုအပ်တဲ့နေရာ အခက်အခဲ သူတို့ရဲ့အကျိုးစီးပွားရေး အခက်အခဲဖြစ်နေလို့ သူတို့ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့က အတိုက်အခံကောင်း တစ်ယောက်အနေနဲ့ ရပ်တည်မယ်။ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုး
အတွက် ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းပါဝင်မယ်။ အဲ့နေရာမှာ ကျွန်တော်တို့ ပါတီက ဒီအတိုက်အခံဖြစ်နေပေမဲ့၊ တချို့နိုင်ငံရေး အင်အားစုတွေ၊ တာဝန်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ပြည်ခိုင်ဖြိုး ကို သံသယတွေနဲ့ နားလည်မှုလွဲလို့ပဲလား။ ရည်ရွယ်ချက်ရှိရှိပဲလား မသိဘူး။ ပြည်သူလူထု အထင်မှား၊ အမြင်မှားအောင် ပြုမူလုပ်ဆောင်နေတာကို သိရတယ်။

ကျွန်တော်တို့တွေက အဲ့ဒီကိစ္စတွေကို လိုက်ပြီးတော့မှ တောက်လျှောက်၊ တစိုက်မတ်မတ် လိုက်ပြီးဖြေရှင်းနေရင်လည်း ပြည်သူလူထုအတွက် လုပ်တဲ့လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားမယ်။

မေ (၁၂) ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ (ဗဟိုကော်မတီဝင်) ဒေါက်တာနန္ဒာလှမြင့် ပြောကြားချက်များမှ