တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်သည့်အဖွဲ့ ၁၃ ဖွဲ့မှမြို့နယ် ကော်မတီဝင် များနှင့် တာဝန်ခံများ၊ စိစစ်ပြီးစာရင်းများအပ်နှံခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခုလ ၁၅ ရက်နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး နယ်မြေဒေသအလိုက် ကွင်းဆင်းဆောင်ရွက်သည့်အဖွဲ့ ၁၃ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ၄င်းတို့ဆောင်ရွက်ခဲ့သည့် ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ပါတီဝင်အင်အားသစ်များ စည်းရုံးဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် အားသာချက်၊ အားနည်းချက်များအား အသီးသီး ပြန်လည်တင်ပြဆွေးနွေးခဲ့ကာ စိစစ်ပြီး စာရင်းများကို တာဝန်ရှိသူများထံ အပ်နှံခဲ့သည်။

မြို့နယ်ကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးကျော်မင်းကလည်း တက်ရောက်လာသူ ကော်မတီဝင်များအား တိုင်းဒေသကြီး၊ ခရိုင် လမ်းညွှန်မှုများနှင့်စပ်လျဉ်း၍ ပါတီ၏ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လမ်းစဉ်များအား လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွဲ့ခေါင်းဆောင်
များ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီးကွင်းဆင်း အဖွဲ့များအား မိမိတို့မြို့နယ် ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာစေရေး၊ ကွင်းဆင်းဆောင်ရွက်နေမှုများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ရေး၊ မိမိတို့လုပ်ငန်းဆောင်ရွက်မှုများကို ဦးတည်ချက် ပေါက်မြောက်အောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ရေး၊ အဓိကအားဖြင့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် နိုးကြား တက်ကြွစွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးတို့ကို တိုက်တွန်းမှာကြား ပြီး နိဂုံးချူပ်အမှာစကား ပြောကြားခဲ့သည်။

တင်မောင်ဇော်(တိုက်ကြီး)