နိုင်ငံခြားသား ငါးဆယ်ခန့်ကို အမည်ပျက်စာရင်းသွင်း
ရန်ကုန်တိုင်းအတွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများအနက် ဗီဇာစည်းကမ်းနှင့် တည်ဆဲ ဥပဒေအချို့ကို ဖောက်ဖျက်ခဲ့သည့် နိုင်ငံခြားသား ၅၀ ခန့်ကို အမည်ပျက်စာရင်း သွင်းထားကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ယင်းသို့ အမည်ပျက်စာရင်း အသွင်းခံရသူများမှာ ယခုနှစ် ဇန်နဝါရီလမှ မေလလယ်အထိ လာရောက် လည်ပတ်သော ပြည်ပနိုင်ငံသားများ ဖြစ်ကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
အမည်ပျက်စာရင်း အသွင်းခံရသူများအနက် ဗီဇာစည်းကမ်း မလိုက်နာသောကြောင့် ပြည်နှင်ဒဏ် ပေးခဲ့သူများ ပင်ရှိကြောင်း၊ အများစုမှာ ရာဇဝတ်မှုနှင့် စပ်ဆက်သည့် ခိုးမှု၊ လိမ်လည်မှုများကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံကို လာလည်ကြတဲ့ ဘယ်နိုင်ငံသားတိုင်းမဆို တတ်နိုင်သမျှ စောင့်ရှောက်ကူညီပေးဖို့ လှုံ့ဆော်ပြီး သားပါ။ ဒါပေမဲ့ တည်ဆဲဥပဒေကို ဖောက်ဖျက်ရင်တော့ အမည်ပျက်ရှိတဲ့သူအဖြစ် သတ်မှတ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခင်နှစ်က အမည်စာရင်း အသွင်းခံရပြီး အင်းစိန်အကျဉ်းထောင်သို့ ပြည်ပနိုင်ငံသား တစ်ရာကျော် ရောက်ရှိ ခဲ့ကြောင်း၊ ၎င်းတို့အနက် ခိုးမှုနှင့် လိမ်လည်မှု ကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရသည့် တရုတ်နိုင်ငံသား ခြောက်ဆယ်နီးပါးဖြင့် အများဆုံး ပါဝင်ခဲ့ကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန မှတ်တမ်းများအရ သိရှိရသည်။
“ပြည်ပ နိုင်ငံသားတွေကို အရေးယူတဲ့ ဖြစ်စဉ်အများစု တွေ့လာရတယ်၊ လ.ဝ.က ဥပဒေနဲ့ ငြိစွန်းတာလည်း ရှိကြတယ်၊ နောက်ပိုင်းမှာ လိမ်လည် ခိုးယူမှုတွေ များလာတာ အဆိုးဆုံးပဲ။ ဒါတွေက အမည်ပျက်စာရင်း ထည့်သွင်းနိုင်တဲ့ အခြေအနေ ရှိပါတယ်”ဟု တရား လွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။
ပြစ်မှုကျူးလွန်ခဲ့၍ အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိလာသော ပြည်ပနိုင်ငံသားများအနေနှင့် တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဟောင်ကောင်၊ ဗီယမ်နမ် အပါအဝင် တရားမဝင် ဝင်ရောက်နေထိုင်သည့် ဘင်္ဂါလီလူမျိုးများလည်း ပါဝင်နေကြောင်း ယင်းအကျဉ်းဦးစီးဌာနထံမှ သိရသည်။ # The Voice