အေဘရာမိုဗစ်ခ်ျလက်ထက် ချယ်လ်ဆီးအသင်း ဆွတ်ခူးသည့် ဖလား(၁၄)ခု ရှိသွားခဲ့ပြီဖြစ်ပြီး ယင်းကာလ အတွင်း အအောင်မြင်ဆုံး အင်္ဂလန်ကလပ်ဖြစ်

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် သောကြာနေ့က ၀က်စ်ဘရွန်းအသင်းကို (၁-၀)ဂိုး ဖြင့် အနိုင်ရရှိပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ရာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ လက်ထက် တွင် အဓိကဆုဖလား(၁၄)ခုအထိ ပိုင်ဆိုင်ခြင်းဖြစ်လာခဲ့သည်။ အေဘရာမိုဗစ်ခ်ျသည် ချယ်လ်ဆီးအသင်းကို ၂၀၀၃ခုနှစ်၊ နွေရာသီတွင် စတင်ဝယ်ယူခဲ့ပြီး (၁၄)နှစ်အတွင်း ချယ်လ်ဆီးအသင်းပိုင်ဆိုင်သည့် ဆုဖလားမှာ ၎င်းအရေအတွက် အထိ ရှိလာခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အေဘရာမို ဗစ်ခ်ျလက်ထက်တွင် ချန်ပီယံလိဂ်ဖလား(၁) လုံး၊ ယူရိုပါလိဂ်ဖလား (၁) လုံး၊ ပရီးမီးယားလိဂ် ဖလား(၅)လုံး၊ FA ဖလား(၄)လုံး၊ လိဂ်ဖလား (၃)လုံးရယူဆွတ် ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း ကာလအတွင်း မန်ယူအသင်းမှာ ချန်ပီယံလိဂ် ဖလား(၁)လုံး၊ ပရီးမီးယားလိဂ်ဖလား(၅)လုံး၊ FA ဖလား (၂)လုံး၊ လိဂ်ဖလား(၄)လုံးဆွတ်ခူး နိုင်ခဲ့ရာ စုစုပေါင်း(၁၂)လုံးသာရှိပြီး ချယ်လ်ဆီးအသင်း၏အောင်မြင်မှုက ပိုမိုသာလွန် နေသည်။

သို့ဖြစ်ရာ အေဘရာမိုဗစ်ခ်ျလက်ထက် (ပြီးခဲ့သည့်၁၄ နှစ်အတွင်း) အင်္ဂလန်ကလပ် အသင်းများ၏ အောင်မြင်မှု ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ချယ်လ်ဆီးအသင်းမှာ ဆုဖလား အများဆုံးရယူနိုင်ခဲ့ပြီး အအောင်မြင်ဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Daily mail သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် Daily mail သတင်းစာက အေဘရာမိုဗစ်ခ်ျ လက်ထက် ချယ်လ်ဆီးအသင်း၏ သုံးစွဲငွေ မှတ်တမ်းများနှင့် ရာထူးမှ ထုတ်ပယ်ခဲ့သည့် နည်းပြများကို ပေးချေခဲ့ရသည့်လျော်ကြေး များကိုလည်း ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အေဘရာမိုဗစ်ခ်ျလက်ထက်တွင် ကစားသမား ခေါ်ယူမှုများအတွက် ပြောင်းရွှေ့ ငွေအသားတင် သုံးစွဲမှုစုစုပေါင်း ပေါင် (၈၀၆)သန်းရှိခဲ့ပြီး ကစားသမားများအားပေး ချေခဲ့ရသည့် လစာငွေ စုစုပေါင်းမှာ ပေါင်(၂.၄) ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရာထူးမှထုတ်ပယ်ခဲ့သော နည်းပြများ အတွက် ပေးချေခဲ့ရသည့် လျော်ကြေးငွေစုစုပေါင်းမှာလည်း ပေါင်(၇၁)သန်းအထိရှိကြောင်း သိရသည်။

Photos: AFP