NCA လက်မှတ်ထိုးရေး UNFC မူအတိုင်း ဆက်ရပ်တည်ရန် မွန်ပြည်သစ်ပါတီ ဆုံးဖြတ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ချမှတ်ထားသည့် အပစ်ရပ် လက်မှတ် ရေးထိုးရေး (NCA) မူဝါဒအတိုင်း ဆက်လက်ရပ်တည်သွားရန် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မေလ ၈ ရက်နေ့က စတင်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီက NCA လက်မှတ်ထိုးရေး အပါ အဝင် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး၊ ချောင်းဆုံတံတားနှင့် ပတ်သက်သည့် ကိစ္စရပ်သုံးရပ်အတွက် ဆုံးဖြတ်ချက်  ချမှတ်နိုင်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ထားသည်။

အပစ်ရပ် လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ UNFC က အစိုးရကို တောင်းဆိုထားသည့် အချက်ကိုးချက် သဘောတူပါက လက်မှတ်ထိုးမည့် မူဝါဒကိုသာ ဆက်လက်သယ်ဆောင်သွားရန်နှင့် NCA လမ်းကြောင်း အတိုင်းသာ လိုက်ပါဆွေးနွေးရန်တို့ကို ဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဆက်ဆံရေး တာဝန်ခံ နိုင်ကြည်စန်းက ပြောကြားသည်။

ထို့ပြင် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းသွားကြရန်နှင့် ချောင်းဆုံတံတား အရေးကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်သူလူထုမှ ညီညွတ်စွာ တိုက်ပွဲဝင်နေသည်ကို စောင့်ကြည့်သွားရန် တို့ကို လည်း ဆွေးနွေးသဘောတူခဲ့ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် လပိုင်းက NCA ကို လက်မှတ်ရေးထိုးမည်ဟု တရားဝင် ထုတ်ဖော် ပြောကြားမှု ပြုလုပ်ထားပြီး UNFC နှင့် ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်နေသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်း သဘောထား ကွဲပြားမှုများ ဖြစ်ပေါ်နေပြီး UNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က UNFC မှ နုတ်ထွက်စာ ပေးပို့ထားသည်။

# The Voice