မြို့နယ်အုပ်ချုပ်ရေးဥပဒေကြမ်း လာမည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဥပဒေကြမ်း ဆွေးနွေးအတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ လိုက်ပြီဖြစ်သည်။ အဆိုပါ ဥပဒေကြမ်း ရေးဆွဲရာ၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ထံမှ သိရသည်။ 

ဥပဒေကြမ်းကို လာမည့် မေလ ၁၈ ရက်နေ့တွင် ပြန်လည်စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လျာထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်က ပြန်လည် စိစစ်ကြီးကြပ်၍ အတည်ပြုနိုင်ရန် လွှတ်တော်သို့ ပေးပို့လိုက်ပြီး ဖြစ်တယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

ယင်းဥပဒေကြမ်းတွင် မြို့နယ်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို တာဝန်ခံရမည်ဆိုသည့်အချက် ပါဝင်ပေရာ ယင်းဥပဒေ ပြဋ္ဌာန်းသက်ဝင်လာပါက ပြည်ထဲရေး ဌာနအောက်မှ မြို့နယ်နှင့်ခရိုင် အုပ်ချုပ်ရေးမှူးများအပေါ် ဝန်ကြီးချုပ်များ၏ ဩဇာ သက်ရောက် လာမည်ဖြစ်သည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဥပဒေကြမ်းတွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ဥပဒေရုံး၊ မြို့နယ်ဦးစီးမှူးစသည်တို့ဖြင့် ဖွဲ့စည်းခြင်း၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်များ ပါဝင်သည်။

ထို့ပြင် ဥပဒေကြမ်းတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သည် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို မြို့မိမြို့ဖ၊ နယ်မြေ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ စက်မှုလက်မှု လုပ်ငန်းရှင်၊ လူမှုရေးအသင်းအဖွဲ့များ စသည် တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“လွှတ်တော်က လက်ခံပြီးတော့မှ ကျွန်တော်တို့ဆီ ရောက်တာဆိုတော့ လွှတ်တော်က လက်မခံသေးတော့ ကျွန်တော်တို့လည်း ဥပဒေမှာ ဘာတွေပါလဲဆိုတာ သေချာမသိသေးပါဘူး”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

လက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများအတွက် သီးသန့်ဥပဒေ ရေးဆွဲထားခြင်း မရှိဘဲ ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပဉ္စမပုံမှန် ပြည်ထောင်စုလွှတ်တော် အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် အစည်းအဝေးများကို လာမည့် မေလ ၁၈ ရက်နေ့တွင် စတင်၍ ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း လွှတ်တော်က ကြေညာထားသည်။

The Voice