မုတ်သုံလေ မေ ၁၅ စဝင်နိုင်၊ ဒေသအချို့ မိုးသက်လေပြင်းအန္တရာယ်ရှိ

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ လာမည့် သီတင်းပတ်အတွင်း မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်ဖွယ် ရှိပြီး မုတ်သုံလေ မဝင်ရောက်မီနှင့် စတင်ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးသက်လေပြင်း အန္တရာယ်ရှိနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မုတ်သုံလေသည် တနင်္သာရီ၊ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဝင်ရောက်နိုင်ရာ ဒေသအလိုက် မိုးထစ်ချုန်းရွာခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းစသည့် ဆိုးရွားသည့် မိုးလေဝသဖြစ်စဉ်များကို မွန်းလွဲ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ကြုံ တွေ့ရနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

“မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းသွား လှေ၊ သင်္ဘော၊ ရေယာဉ်တွေ ပြည်တွင်းပျံသန်းနေတဲ့ လေယာဉ်တွေ အနေနဲ့ မိုးတိမ်တောင်တွေရဲ့ နောက်ဆက်တွဲ ဆိုးရွားတဲ့ မိုးလေဝသအခြေအနေတွေကို သတိထားသင့် တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ အရှိန်ကြောင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း သတိပေး ပြောဆိုထားသည်။

ယင်းသို့ မုတ်သုံလေ စတင်ဝင်ရောက်ချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်တတ်သည့် အတွက် သတိပြု စောင့်ကြည့်ရန်လိုကြောင်း၊ လက်ရှိ ခန့်မှန်းချက်များအရ မုန်တိုင်းဖြစ်နိုင်ခြေ မတွေ့ရှိသေး ကြောင်း ဦးကျော်လွင်ဦးက ပြောကြားသည်။

လက်ရှိ နေ့အပူချိန်များ မြင့်တက်နေရာမှ မေလ ၉ ရက်နေ့ နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း နေ့အပူ ချိန်များ အနည်းငယ် ပြန်လည်လျော့ကျသွားနိုင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးရေချိန် တစ်လက်မခွဲမှ နှစ်လက်မခန့် ရသည်အထိ မိုးထစ်ချုန်း ရွာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ရာ နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး မိုးကြိုးပစ်ခြင်းကြောင့် လူနှင့် ကျွဲ၊ နွားများ သေဆုံးခဲ့သည်။

The Voice