ကမ္ဘာ့အသက်အရှည်ဆုံး လူသားအဖြစ် ညွှန်းဆိုခံရသည့် အင်ဒို အဖိုးအို အသက် ၁၄၆ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ညွှန်းဆိုခံရသူ အင်ဒိုနီးရှား အဖိုးအိုသည် အသက် ၁၄၆ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး နေထိုင်ခဲ့သည့် လူသား အဖြစ် အင်ဒိုအာဏာပိုင်များက အခိုင်အမာ ထောက်ခံပြောကြားခဲ့သော်လည်း စာရွက်စာတမ်း အရှုပ် အထွေးများကြောင့် ဂင်းနစ်မှတ်တမ်းတွင် တရားဝင် အသိအမှတ်ပြုခံရခြင်း မရှိချေ။

အဖိုးဂိုတိုဟု ချစ်စနိုး ခေါ်ဝေါ်ခံရသည့် ဆိုဒီမက်ဒ်ဂျိုသည် ဂျာဗား အလယ်ပိုင်းရှိ ၎င်း၏ ဇာတိရွာငယ်လေး တွင်ပင် ဧပြီ ၃၀ က ကွယ်လွန်သွားခဲ့သည်။

အဖိုးဂိုတိုသည် ၁၈၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလက မွေးဖွားခဲ့သူ ဖြစ်သော်လည်း အစောပိုင်းတွင် အင်ဒိုနီးရှား အာဏာပိုင်များက ၎င်း၏ မွေးနှစ်ကို ၁၉၀၀ ပြည့်နှစ်ဟု မှားယွင်းသတ်မှတ်ခဲ့ကြသည်။ သို့သော် စာရွက် စာတမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် အဖိုးဂိုတို၏ အသက်အမှန်မှာ ၁၄၆ နှစ်ထိ ရှည်လျားခဲ့ပြီး ဖြစ်သည်ဟု အင်ဒိုအာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းအတိုင်း မှန်ကန်ပါက အဖိုးဂိုတို၏ အသက်သည် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစံချိန်တွင် ကမ္ဘာ့အသက် အရှည်ဆုံး နေထိုင်ခဲ့သည့် လူသားအဖြစ် သတ်မှတ်ထားသော ဂျင်းကဲလ်မန့်ထက်ပင် ၂၄ နှစ်နီးပါး ပိုမို အသက်ရှည်ခဲ့သည့် သဘော ဖြစ်နေသည်။

အဖိုးဂိုတို၏ ကျန်းမာရေး ယိုယွင်းလာသည့်နောက် ဧပြီ ၁၂ ရက်တွင် ရွာခံများက ၎င်းကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ သို့သော် ၆ ရက်အကြာတွင်မူ ကာယကံရှင် ကိုယ်တိုင်က ဆန္ဒပြုပြီး ဆေးရုံမှဆင်းကာ နေရပ်သို့ ပြန်လာခဲ့သည်။

အဖိုးဂိုတိုသည် ဆေးလိပ် အလွန်ကြိုက်ခဲ့သူဖြစ်ပြီး နောက်ဆုံး ကျန်းမာရေး ဖောက်ပြန်လာသည့် အချိန်ထိ ဆေးလိပ်သောက်ခဲ့သည်။ ၎င်းသည် အိမ်ထောင်လေးဆက်ထိ ကျခဲ့ကြောင်းလည်း သိရသည်။ ရွာတွင်းရှိ ကလေးငယ်များ အတွက်မူ အဖိုးဂိုတိုသည် ဒေသခံ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။ ၎င်းက ဂျပန်နှင့် ဒတ်ခ်ျ နယ်ချဲ့များကို မည်သို့မည်ပုံ တွန်းလှန် တိုက်ထုတ်ခဲ့ကြောင်း ပုံပြင်သဖွယ် ပြောပြတတ်သောကြောင့်ဟု ဆိုသည်။

မေ ၁ ရက်တွင်မူ မြေးဖြစ်သူ ဆူယန်တိုက ကျေးရွာသင်္ချိုင်းတွင် ကြိုတင်ဝယ်ယူထားသည့် မြေကွက်လပ်၌ အဖိုးဂိုတို၏ ရုပ်အလောင်းကို မြှုပ်နှံပေးခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း အတော်များများ ကတည်းက ကြိုတင် စီစဉ်ပြီး နေအိမ်ဘေးတွင် ထားရှိခဲ့သည့် အုတ်တိုင်ကျောက်ချပ်ကိုလည်း ထိုမြေပုံတွင် စိုက်ထူပေးခဲ့သည်။ ဂျာဗားအလယ်ပိုင်းတွင် သက်ကြီးရွယ်အိုများ အနေဖြင့် ၎င်းတို့၏ ဈာပနအတွက် ကြိုတင်ပြင်ဆင် ရွေးချယ် ထားလေ့ရှိခြင်းမှာ ထုံးတမ်းစဉ်လာ တစ်ခုဖြစ်သည်။

Ref: BBC