ရုရှားတွင် အလုပ်သမားနေ့ ချီတက်ပွဲအတွင်း LGBT အရေး တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ထဲမှာ အလုပ်သမားနေ့ ချီတက်ပွဲအတွင်း LGBT တွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ အယောက် တဒါဇင်ကျော် အဖမ်းခံခဲ့ရတယ်လို့ ရုရှား လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ က မေ ၁ ရက်နေ့မှာ ပြောပါတယ်။

LGBT တွေဆိုတာ မိန်းမလျာ၊ ယောက်ျားလျာ၊ ကျားမ ၂ မျိုးလုံးအပေါ် လိင်စိတ်တိမ်းညွတ်မှု ရှိသူနဲ့ လိင် ခွဲစိတ် ပြုပြင်ထားသူတွေကို အတိုကောက် ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားလုံးပါ။

သက်တံရောင်အလံတွေ၊ ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို မြို့လယ်မှာ ဖမ်းခဲ့ တာပါ။ ချေချင်းညာမှာ ယောက်ျားချင်း စိတ်ဝင်စားသူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ဆန္ဒပြရာက အဖမ်းခံရတာ ဖြစ်ပါတယ်။

ချေချင်းညာသတင်းနဲ့ ပတ်သက်ပြီး အစီရင်ခံတဲ့ ရုရှားသတင်းစာတွေကို ခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ဆေးနေတယ်လို့ ရုရှားစုံစမ်းစစ်ဆေးသူတွေက အစောပိုင်းမှာ ပြောခဲ့ပါတယ်။

မွတ်စလင်လူများစုရှိတဲ့ ရုရှားတောင်ပိုင်းက အာဏာပိုင်တွေဟာ မိန်းမလျာလို့ သံသယရှိသူ အမျိုးသား အယောက် ၁၀၀ ကျော်ကို ဝိုင်းထားခဲ့ပြီး နှိပ်စက်ခဲ့တယ်၊ ဒါကြောင့် အနည်းဆုံး ၃ ယောက် သေဆုံးတယ် လို့ နိုဗာယာ ဂါဇေတာ သတင်းစာက ဧပြီလအတွင်း ဆောင်းပါးရေးသား အစီရင်ခံခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ထောက်ခံသူ၊ ရုရှားတောင်ပိုင်း ချေချင်းညာဒေသ သမ္မတ ရမ်ဇမ် ကာဒီရော့ဗ်ကတော့ ဒီဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို ငြင်းတယ်လို့ ရုရှားရဲ့ အင်တာဖက်စ် သတင်းဌာန က ကိုးကားဖော်ပြပါတယ်။  (ရိုက်တာ)