မြန်မာ-ဂျာမနီ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး
မြန်မာ-ဂျာမနီ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် တပ်မတော်အရာရှိများ ဂျာမနီသို့ သင်တန်းစေလွှတ်တက်ရောက်ရန် စသည့်အချက်များကို ဧပြီ ၂၇ ရက်က ဂျာမနီနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာနတွင် နှစ်နိုင်ငံ တပ်ချုပ်များက ဆွေးနွေးခဲ့ကြသည်။
ဂျာမနီနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျာမနီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗော့လ်ခါဝီးခါတို့ ဧပြီ ၂၇ ရက်က တွေ့ဆုံစဉ် ထိုကဲ့သို့ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းမှုများ ပိုတိုးတက်ကောင်းမွန်အောင် တိုးမြှင့်တည်ဆောက် လိုကြောင်း မြန်မာတပ်ချုပ်က ဆွေးနွေးခဲ့ပြီး ဂျာမနီစစ်ဦးစီးချုပ်ကလည်း ယခု မြန်မာတပ်ချုပ်ခရီးစဉ်ကစ၍ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းမှုများကို မူလကထက် ပိုတိုးမြှင့်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
မြန်မာ့တပ်မတော်အရာရှိများကို ဂျာမနီနိုင်ငံသို့ သင်တန်းများ စေလွှတ်တက်ရောက်ခြင်း၊ နယ်ပယ်များ အလိုက် လေ့လာရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းများ ဆောင်ရွက်လိုကြောင်း ဂျာမနီစစ်ဦးစီးချုပ်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂျာမနီစစ်ဦးစီးချုပ်ကို မြန်မာသို့ တရားဝင် ချစ်ကြည် ရေးခရီးစဉ်လာရောက်ရန် မြန်မာတပ်ချုပ်က ဖိတ်ကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီး ဗော့လ်ခါဝီးခါတို့သည် ၂၀၁၆ နိုဝင်ဘာက ဘရပ်ဆဲလ် မြို့တွင်ပြုလုပ်ခဲ့သော အီးယူစစ်ဘက်ရေးရာကော်မတီ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး၌ သီးသန့်တွေ့ဆုံခဲ့ကြသည်။ ဂျာမနီခေါင်းဆောင်သော အီးယူသည် ၂၀၁၂တွင် မြန်မာအပေါ် ပိတ်ဆို့မှုများကို ဖြေလျှော့သော်လည်း မြန်မာသို့ လက်နက်ကုန်သွယ်ရောင်းချမှုကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျာမနီအသွားခရီးတွင် သြစတြီးယားသို့ လေးရက်ကြာ ဝင်ရောက် လည်ပတ်ခဲ့ပြီး သြစတြီးယားစစ်ဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းသည် သြစတြီးယား၏ Diamond Aircraft Industry သို့ သွားရောက်လေ့လာခဲ့ပြီး ယင်းကုမ္ပဏီထုတ် DA-62 လေယာဉ်ဖြင့် ဗီယင်နာမြို့တစ် ဝိုက် လှည့်လည်ပျံသန်းခဲ့သည်။ တပ်ချုပ်၏ခရီးစဉ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည်။ # 7 Day