ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲမှ အကြံပြုချက် ၁၀ ချက် အစိုးရနှင့် လွှတ်တော်သို့ ပေးပို့မည်
ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲက ဘာသာတရားများအကြား ချစ်ကြည်မှုနှင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာစေရေးအထက်မှ အောက်ခြေထိ လုပ်ဆောင်ရန် အပါအ၀င် အကြံပြုချက် ၁၀ ချက်ရရှိရာ ယင်းအကြံပြုချက်များကို အစိုးရနှင့်လွှတ်တော်သို့ ပေးပို့ မည်ဖြစ်သည်။
ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲကို ဧပြီ ၂၆၊ ၂၇ ရက် တို့တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ (IBC)တွင် ကျင်းပရာဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လူမှုနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဗုဒ္ဓ၊ ခရစ် ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာ သာရေးခေါင်းဆောင်များက ငြိမ်း ချမ်းရေးဖြစ်စဉ်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ ဘာသာတရားအချင်းချင်း ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပြေလည်ကျေအေး သင့်မြတ်ခြင်း၊ အောက်ခြေလူထုအဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေးတည် ဆောက်ရာတွင် ဘာသာရေး ခေါင်းဆောင်များ၏ အခန်းကဏ္ဍ၊ ဘာသာအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ အဖွဲ့လိုက်ဆွေးနွေးခြင်းများလည်း လုပ်ဆောင်ခဲ့သည်။
ဆွေးနွေးပွဲရလဒ်အဖြစ် အကြံပြုချက် ၁၀ ချက်ကိုထုတ်ပြန်ခဲ့ရာ တရားဥပဒေဆိုင်ရာပြုပြင် ပြောင်းလဲရေးကို ခေတ်နှင့်အညီ ပြောင်းလဲရန်၊ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရန်၊ တစ်မျိုးသား လုံးအကျိုးရှိစေမည့် ပညာရေးပြုပြင်ပြောင်းလဲရန်နှင့် သင်ကြားရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်၊ ဘာသာ တရားများကြား ချစ်ကြည်မှုနှင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာစေရေးအထက်မှ အောက်ခြေအထိ လုပ်ဆောင်ရန်တို့ ပါဝင်သည်။
ထို့အပြင် သာသနာ့ဝန်ထမ်းများ မဲပေးခွင့်စဉ်းစားရန်၊ သာသနာ့ဝန်ထမ်းများကလည်း သက်ဆိုင်ရာ ဥပဒေများကို လေ့လာထားရန်၊ သာသနာ့ဝန်ထမ်းများက မိမိသက်ဆိုင်ရာ ကိုးကွယ်ယုံကြည်သူများကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများပေးရန်၊ သက်သောင့်သက်သာ အခြေအနေမှထွက်ပြီး ပြည်သူများနှင့် နီးကပ်စွာနေကြရန် ပါဝင်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲများတွင် လူငယ်များ၊ အမျိုးသမီးများ၊ အခြား လူနည်းစုများ၏ အသံများကို နားထောင်ရန်၊ အများပါဝင်ဆွေးနွေးနိုင်ရန် လုံခြုံသော ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ လုပ်ဆောင်ချက်များတွင် ဘာသာရေးခေါင်းဆောင်များ၏ သြဇာသက်ရောက်မှုကို အကျိုးရှိရှိ အသုံးချရန်တို့ကို အကြံပြုခဲ့သည်။ ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲမှ ရရှိသော အကြံပြုချက်များကို လွှတ်တော်နှင့် အစိုးရထံသို့ တရားဝင်ပေးပို့မည်ဟု ငြိမ်းချမ်းရေးနှီးနှောပွဲ အစီအစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးမြင့်ဆွေက ပြောကြားသည်။ # 7 Day