ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ပူတင်တို့ မော်စကို၌ တွေ့ဆုံဆွေးနွေး
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မော်စကို၌ အစည်းအဝေး တစ်ရပ် ကျင်းပလျက်ရှိကြောင်း သိရသည်။
ကြာသပတေးနေ့ ညနေခင်းတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အစိုးရလေယာဉ်ဖြင့် ရောက်ရှိလာပြီး နောက် ဂျပန်နှင့် ရုရှားနှစ်နိုင်ငံ (၁၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အာဘေးသည် ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အငြင်းပွားလျက်ရှိသည့် ရုရှားတို့ ထိန်းချုပ်ထားသော ကျွန်းလေးခုနှင့် ပတ်သက်သည့် ပူးတွဲစစ်တမ်း ကောက်ယူမှုတစ်ရပ် ပြုလုပ်ရန်အတွက် နှစ်နိုင်ငံလုံးမှ အာဏာပိုင်များနှင့် တခြားတာဝန်ရှိသူများအား ပူးပေါင်း ပါဝင်လာစေနိုင်မည့် သဘောတူညီမှုကို ရုရှားထံမှ ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ယင်းစစ်တမ်းကောက်ယူမှုများက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကမ်းလှမ်းခဲ့သည့်အတိုင်း အဆိုပါ ကျွန်းများပေါ်တွင် နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် စီးပွားရေးစီမံကိန်းများကို ရွေးချယ်ရာ တွင် အကူအညီ ပေးနိုင်လိမ့်မည်ဟု အာဘေးက မျှော်လင့်ထားသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စီးပွားရေးအရ နီးကပ်စွာ ပူးပေါင်းနိုင်ရန် ငါးဖမ်းလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနှင့် တခြားသော လုပ်ငန်းနယ်ပယ်များတွင်လည်း ယခုကဲ့သို့ ဆောင်ရွက်နိုင်ရေး အာရုံစိုက်လျက် ရှိသည်။
အာဘေးအနေဖြင့် ယင်းအစီအစဉ်က ကာလကြာမြင့်ခဲ့ပြီဖြစ်သည့် နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများ ကိုဖြေရှင်းရန် ဂျပန်၏ ကြိုးပမ်းအားထုတ်မှုများကို အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)