UNFC အဖွဲ့ဝင် ငါးဖွဲ့ NCA လက်မှတ်ရေးထိုးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ငါးဖွဲ့ဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေး ထိုးတော့မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက မတ် ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြန်အလှန်နားလည်မှု၊ နှစ်ဖက်ယုံကြည်မှုများ တည်ဆောက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပါဝင်တက်ရောက်နိုင်ရေးအတွက် စဉ်တိုက်ဆက်တိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ သဘောသဘာဝ အတိုင်း အနိမ့်အမြင့်အတက်အကျများစွာဖြင့် ပြီးခဲ့သည့် တစ်နှစ်တာကာလကို ကျော်ဖြတ်လာခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများ၏ အဓိကအချက်မှာ ယုံကြည်မှုဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ယုံကြည်မှုသာမက မိမိကိုယ်ကိုယ် ယုံကြည်မှုသည်လည်း အထူးပင် အရေးကြီးပါကြောင်း၊ တစ်နှစ် တာကြိုးပမ်းဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် ယနေ့ညနေပိုင်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ငါးဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တခဲ့ကြသော အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးရောင်နီများ ပိုမိုလင်းလက် တောက်ပလာ ခဲ့ပြီဖြစ်ပါကြောင်းနှင့် ထိုသို့အရေးကြီးလှသည့် အချိန်အခါတွင် မလိုလားအပ်သော အဖျက်အမှောင့်များ၊ ငြိမ်းချမ်းရေးပျက်ပြားစေရန် ရည်ရွယ်သော သွေးထိုးလှုံ့ဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင် တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများအနေဖြင့် အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုး ဆော်လိုက်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မတ် ၃၀ ရက် ညပိုင်းက နိုင်ငံတော် အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ပြောကြားသည့်မိန့် ခွန်းပြောကြားခဲ့ပြီး နောက်ဆက်တွဲ ဖြည့်စွက်သတင်းစကားအဖြစ် တယ်လီဖုန်းဖြင့် ဆက်သွယ်ပေးပို့ခဲ့မှုတွင် UNFC အဖွဲ့ဝင်ငါးဖွဲ့ NCA လက်မှတ်ရေးထိုးမည်ဟု ထည့်သွင်း ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။ # Eleven