သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူး ရထားများတိုးချဲ့ ပြေးဆွဲမည်

၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူးရထားများကို ခရီးသွားများသော သင်္ကြန် မတိုင်မီနှင့် သင်္ကြန်ပြီးကာလများ၌ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇) သွားလာပို့ဆောင်ရေး ဌာနခွဲမှ သိရသည်။

ရန်ကုန်- နေပြည်တော်လမ်းကြောင်း၌လည်း အမြန်ရထား အစုန်/အဆန်လေးစင်းဖြင့် ပုံမှန်ပြေးဆွဲပေးလျက် ရှိပြီး သင်္ကြန်အထူးရထားအဖြစ်ပြေးဆွဲမှုကို မြန်မာ့မီးရထားအနေဖြင့် ဧပြီ ၇ ရက်မှ စတင်ကာ ပြေးဆွဲပေးမည် ဖြစ်ပြီး ဧပြီ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန် – မန္တလေး၊ မန္တလေး- ရန်ကုန် အစုန်/အဆန်နှစ်စင်း ပြေးဆွဲပေး မည်ဖြစ်သည်။ ဧပြီ ၁၀ ရက်တွင် အဆိုပါလမ်းကြောင်းရှိ ရန်ကုန်- နေပြည်တော်ခရီးစဉ်တွင် တစ်စင်း၊ မန္တလေး- နေပြည်တော်တွင် တစ်စင်း စုစုပေါင်းနှစ်စင်း ပြေးဆွဲပေးမည် ဖြစ်ကာ ဧပြီ ၁၁ ရက်တွင် ရုံးတက်ရက် နောက်ဆုံးဖြစ်ခြင်းကြောင့် ဝန်ထမ်းများ အဆင်ပြေစေရန်အတွက် နေပြည်တော် – ရန်ကုန် သင်္ကြန်ရထား နှစ်စင်းလုံးပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဧပြီ ၁၂ ရက်တွင် ရန်ကုန်-မန္တလေးသင်္ကြန် အထူး ရထားတစ်စင်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး သင်္ကြန်ရက် များတွင်  အဆိုပါ သင်္ကြန်အထူးရထားများပြေးဆွဲမှုကို ရပ်ဆိုင်းထားမည် ဖြစ်သည်။ သင်္ကြန်ပြီး ဧပြီ ၁၈ ရက်တွင် သင်္ကြန်အထူးရထားများ ပြန်လည်ပြေးဆွဲ ပေးမည်ဖြစ်ကာ ယင်းနေ့တွင် ရန်ကုန် – မန္တလေး၊ မန္တလေး – ရန်ကုန် နှစ်စင်းနှင့် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက် တို့တွင်လည်း နှစ်စင်းနှုန်းဖြင့်သာ ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ဧပြီ ၂၁ ရက်တွင် မန္တလေး – ရန်ကုန်သ င်္ကြန်အထူးရထား တစ်စင်းတည်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် သင်္ကြန်အထူးရထားများ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်တွင်မူ နေပြည်တော်ပြန်ဆင်းမည့်ဝန်ထမ်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်- နေပြည်တော် သင်္ကြန် အထူးရထားနှစ်စင်း ပြေးဆွဲပေးမည်ဖြစ်ပြီး အဆိုပါခရီးစဉ်များ ပြေးဆွဲပေးနိုင်ရန် အတွက် မြန်မာ့ မီးရထားတိုင်း အမှတ်(၇)သွားလာပို့ဆောင်ရေးဌာနခွဲမှ မြန်မာ့မီးရထားရုံးချုပ် စီမံခန့်ခွဲဌာန သို့တင်ပြထားပြီး ဧပြီလဆန်းပိုင်းတွင် ရပ်နားဘူတာများနှင့် ထွက်ခွာ/ဆိုက်ရောက် အချိန်များကို သက်ဆိုင်ရာဘူတာများအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင် ပုံမှန်ပြေးဆွဲပေးနေသောရထားများအဖြစ် ရန်ကုန်- မန္တလေးခရီးစဉ် တွင် အစုန်/အဆန် ရှစ်စင်းရှိပြီး သင်္ကြန်ကာလရက်များတွင် ၅ အဆန်နှင့် ၆ အစုန်ကိုရပ်နားမည်ဖြစ်ကာ ကျန် ရထားများကို ပုံမှန်ခရီးစဉ်အတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန်- နေပြည်တော် ခရီးစဉ်တွင် အစုန်/အဆန် လေးစင်း လက်ရှိပြေးဆွဲနေပြီး သင်္ကြန်ကာလရက်များတွင် ၇ အဆန်နှင့် ၈ အစုန်ကို နားထားမည်ဖြစ်ကာ အမှတ် (၃၁) နှင့် အမှတ် (၃၂) ရထားများကို ပုံမှန်ပြေးဆွဲပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း မွန်ပြည်နယ် မော်လမြိုင် ခရီးစဉ်တွင်လည်း လက်ရှိလေးစင်း ပြေးဆွဲပေးနေပြီး အဆိုပါလမ်းကြောင်း ထားဝယ် ခရီးစဉ်တွင် နှစ်စင်းပြေးဆွဲ ပေးလျက်ရှိရာ စုစုပေါင်းခြောက်စင်း ပြေးဆွဲပေးလျက်ရှိသည်။ သင်္ကြန်ကာလ တွင် အဆိုပါ ရထားခြောက်စင်းထဲမှ အမှတ် (၃၅) နှင့် အမှတ် (၃၆) တို့ကို သင်္ကြန်ကာလတွင် အနားပေးထားမည် ဖြစ်ပြီး ကျန်လေးစင်းကို ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကာ ပြည်လမ်းပိုင်းတွင်လည်း အမှတ် (၇၁) နှင့် အမှတ် (၇၂)၊ ပုဂံခရီးစဉ်တွင် အမှတ် (၆၁) နှင့် အမှတ် (၆၂) ခရီးစဉ်ရထားများကို ရပ်နားထား မည်ဖြစ်သည်။ သင်္ကြန်ကာလ၌ ပြည် လမ်းခရီးစဉ်တွင် အမှတ် (၆၃)နှင့် (၆၄) စာပို့ရထားများ ပြေးဆွဲပေးမည်ဖြစ်ပြီး သာရဝေါလမ်းပိုင်းမှ အမှတ် (၆၉) နှင့် အမှတ် (၇၀) တို့ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ မူလဈေးနှုန်း အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)