ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းမှာ တိုင်းရင်းသားတို့၏ အမျိုးသားရေး လက္ခဏာကို ခြိမ်းခြောက်နေ သလို ခံစားရဟုဆို
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ဘီးလူးကျွန်းချောင်းဆုံမြို့တို့အား ဆက်သွယ်ထားသောတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးခြင်းမှာ တိုင်းရင်းသားတို့၏ အမျိုးသားရေး လက္ခဏာကို ခြိမ်း ခြောက်မှုဖြစ်စေသည့်အတွက် နောင်တွင် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ရှောင်ရှား သင့် ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ မတ်လ ၁၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါတံတားမှာ သံလွင်မြစ်ပေါ်တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားအမည်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ လ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တံတားဟု မှည့်ခေါ်ရန် အဆိုတင်သွင်းခဲ့သည့်အပေါ် မတ်လ ၃ ရက်တွင် မွန်တိုင်းရင်းသား ၅,ဝဝဝ ခန့်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။
သို့သော် မတ်လ ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်မှ တံတားအမည်ကို “ ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု ခေါ်တွင်စေရန် အတည်ပြုခဲ့သဖြင့် ထိုသို့အတည်ပြုမှုကို ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တိုင်းရင်းသားများ၏ တည်ရှိမှုအမှတ်လက္ခဏာများအား လုံခြုံမှုမရှိ၊ ခြိမ်းခြောက်နေသည်ဟု ခံစားရကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးခြင်းနှင့် ပတ်သက်ပြီး မွန်ဒေသခံ တစ်သောင်းကျော် ကလည်း မတ်လ ၁၉ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိဆိုသော ကြွေးကြော်သံ အပါအဝင် ကြွေးကျော်သံ (၅)ချက်ဖြင့် မော်လမြိုင်ကမ်းနားလမ်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အလားတူ မွန်ပြည်နယ်ရှိ မွန်အမျိုးသားရေး ဦးဆောင်သူများ၊ ပအိုဝ်းအမျိုးသားရေးဦးဆောင်သူများနှင့် သထုံ/ပေါင်မြို့နယ်ရှိ ကရင်အမျိုးသားရေး ဦးဆောင်သူများကလည်း ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဆန္ဒ အသိအမှတ်ပြုရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စစ်မှန်သော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အလေးထားသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး စသည့်အချက် (၅) ချက်ကို သဘောထားထုတ်ပြန် ခဲ့သည်ဟု သိရသည်။
# Mizzima