ရန်ကုန်အပါအဝင် ဒေသခြောက်ခုတွင် ခုနစ်ရက်အတွင်း နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန် ရောက် ရှိလာနိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသခြောက်ခုတွင်မတ် ၁၂ ရက်မှ ၁၈ ရက်အတွင်း နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတောင်ဖျားပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမြောက်ပိုင်း အစရှိသည့်ဒေသ တို့တွင် နေ့ အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန်ရောက်ရှိလာနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ NOAA အဖွဲ့ကြီးမှ ခန့်မှန်းထားသည်ကို ဒေါက်တာထွန်းလွင်က ကိုးကားပြောကြား လိုက်သည်။
“ဒီနှစ်နွေရာသီကာလရောက်ကတည်း ကလက်ရှိအချိန်အထိနေ့ အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကို မကျော်လွန်သေးတာကို တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံအလယ်ပိုင်းတွေနဲ့ မြောက်ပိုင်းတွေမှာ မိုးတွေ ရွာနေသေးလို့ ဖြစ်ပါတယ်။ ဆောင်းလေစီးကြောင်းတွေ အားလျော့လာတာနဲ့အမျှ နွေအပူဟာ ပီပြင်လာမှာ ဖြစ်ပါတယ်။ ဆောင်းလေစီးကြောင်းတွေ အားလျော့ကျလာတာနဲ့ မိုးရွာသွန်းမှုတွေကလည်း လျော့ ကျလာ မှာဖြစ်ပါတယ်။ အထူးသဖြင့် အောက်မြန်မာပြည်ဒေသတွေမှာ ပိုဖြစ်နိုင်ပါတယ်။ မိုးလျော့ကျသွားတာနဲ့ နေ့အပူချိန်တွေဟာလည်း မြင့်တက်လာတော့မှာပါ” ဟု ဒေါက်တာထွန်းလွင်က ပြောကြားထားသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသအချို့တွင် အချိန်အခါမဟုတ်သည့် မိုးရွာသွန်းမှုများ ဖြစ်ပေါ် နေကြောင်း၊ မြောက်ဘက်ကို တိုးဝင်လာသည့်လေပူများနှင့် တဖြည်းဖြည်း မြောက်ဘက်သို့ ဆုတ်ခွာလာ သည့်ဆောင်းကြွင်း လေအေးများကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် လေထုမတည်ငြိမ်မှုများ အများအပြားဖြစ်နေပြီး မိုးတိမ်တောင်များဖြစ်လာခြင်းကြောင့် အချိန်အခါမဟုတ် မိုးများရွာနိုင်ကြောင်း သိရ သည်။
အလားတူ အဆိုပါမိုးတိမ်တောင်ကြောင့် မိုးရွာပါက မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်ခြင်းတို့လည်း ဖြစ်ပေါ်တတ်ပြီး တောင်ကျချောင်းရေများ ကျရောက်တတ်ခြင်း၊ မြေပြိုခြင်းတို့ လည်းဖြစ်တတ်ပြီး လျှပ်တစ်ပြက် ရေကြီးတတ်ခြင်းကြောင့် တောင်ကြားချောင်း၊ မြစ်ငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် သတိပြုသင့်ကြောင်း လည်းကောင်းကသတိပေးထားသည်။
#Democracytoday