ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ မကျဆင်းရန် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့စေနိုင်မည့် နည်းလမ်းများကို အသုံးပြုရေး ရွေးကောက်ပွဲကော်မရှင်ထံ ERCB အကြံပြု

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းကို ပြည်သူများလာရောက်ကြည့်ရှုမှုများ နည်းသဖြင့် မဲလာပေးသူဦးရေ ကျဆင်းနိုင်ကြောင်း ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက် မှုအဖွဲ့က ထုတ်ပြန်လိုက် ကြောင်း သိရသည်။

မတ် ၄ ရက်က ရန်ကုန်မြို့၊ လှိုင်မြင့်မိုရ်လမ်းသွယ် (၂) လမ်းရှိ ဒီမိုကရေစီစင်တာတွင် အရပ်ဘက်အဖွဲ့ ၁၂ ဖွဲ့ စုစည်းထားသည့် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (ERCB) က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာ၌ ERCP အဖွဲ့မှ မရွှေရည်ဝင်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းကပ်ထားမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုနှုန်းမှာ ၆ ဒသမ ၀၃ရာခိုင်နှုန်းသာရှိရာ ရွေးကောက်ပွဲတွင် မဲလာပေးသူဦးရေ ကျဆင်းနိုင်သည်ကို စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများပိုမိုသိရှိနိုင်စေရန် သမားရိုးကျနည်းလမ်းအပြင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့စေနိုင်မည့် နည်းလမ်းများကို အသုံးပြုရန် ရွေးကောက်ပွဲကော်မရှင်ထံ ERCB ကအကြံပြု တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

“သတင်းစာ၊ ဂျာနယ်တွေကနေ ထည့်သွင်းကြော်ငြာတာမျိုး ဒီလိုသမားရိုးကျနည်းအပြင် ကျွန်မတို့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နည်းစနစ်ကိုသုံးဖို့အတွက် ကျွန်မတို့က အကြံပြုချင်တယ်” ဟု ERCB မှ မနေခြည်က ပြောသည်။

ပြည်သူများ စိတ်ဝင်တစားကြည့်ရှုသော တီဗွီအစီအစဉ်များ၊ လူထုလှုံ့ဆော်ပွဲများ၊ ဒေသအလိုက်ပွဲတော်များကို အသုံးပြုကာ အသိပညာပေးခြင်းများ လုပ်ဆောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုက်တွန်း ထားကြောင်း သိရသည်။

“ဥပမာ-ပြည်သူတွေ အရမ်းစိတ်ဝင်စားတဲ့ Myanmar Idol လို ပွဲမျိုးတွေမှာ ကြေညာရင် ပြည်သူတွေပိုပြီး သိရှိ နိုင်မယ်လို့ထင်တယ်” ဟု ERCB အဖွဲ့ဝင် ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း (PJM) မှ အမှုဆောင်ဒါရိုက်တာ မရွှေရည်ဝင်း ကပြောသည်။

ယင်းအပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်မည့်နိုင်ငံရေး ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလ၌ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မဲဆွယ်စည်းရုံး ရးပြုလုပ်ရာတွင် ပါတီမဲဆွယ်ရေး အပြင် မဲဆန္ဒရှင် အသိ ပညာပေးမှုများကိုပါ ထည့်သွင်းလုပ်ဆောင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင် အဖွဲ့အစည်းများ အနေ ဖြင့်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်အပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နည်းပညာနှင့် အခြား အကူညီထောက်ပံမှုများ တိုးပေးရန် စသည်တို့ကိုလည်း အကြံပြုထားကြောင်း သိရသည်။

# Democracytoday