မိုးခေါင်ရေရှားမှုကြောင့် ဆိုမာလီယာတွင် အငတ်ဘေး ကပ်ဆိုက်မည့် အခြေအနေ ကြုံတွေ့နေ

ဆိုမာလီယာတွင် မိုးခေါင်ရေရှားမှုနှင့် ဆက်စပ်ပြီး အငတ်ဘေး ကပ်ဆိုက်ရောက်မည့် အခြေအနေများ ကြုံတွေ့ နေကြောင်း သိရသည်။

 

ဆိုမာလီယာတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်မှစ၍ ငတ်မွတ်ခြင်း၊ ရေရှားမှုနှင့် ဆက်နွှယ်သော ရောဂါဘယများ ထူပြောလာခြင်းတို့ကြောင့် အနည်းဆုံး လူပေါင်း ၁၁၀ မျှ သေဆုံးကြောင်း ဝန်ကြီးချုပ် ဟာဆန်အလီ ခိုင်ရာက ဝန်ခံပြောကြားခဲ့သည်။ ယင်းတို့အနက် အများစုသည် အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြသည်။

ခိုင်ရာက မိုဂါဒစ်ရှူး မြို့တော်ရှိ မိုးခေါင်ရေရှားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီတွင် မိန့်ခွန်းပြောရာ၌ ယခုကိစ္စကို ထည့်သွင်းအတည်ပြုသွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဆိုမာလီယာ သမ္မတ မိုဟာမက် အက်ဘ်ဒူလာဟီ ဖာမာဂျိုက မိုးခေါင်မှုကို နိုင်ငံက ကပ်ဘေးတစ်ခုအဖြစ်လည်း တရားဝင် ကြေညာခဲ့သည်။

အကြမ်းဖက် အုပ်စုများ၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် အကျပ်ဆိုက်နေသည့် နိုင်ငံတွင် ယခုကိစ္စက ဆိုးရွားသည့် နောက်ဆက်တွဲ ထိုးနှက်မှုလည်း ဖြစ်လာသည်။ လာမည့်ရက်ပိုင်းများအတွင်း ဆိုမာလီ အနောက် တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် အငတ်ဘေး ပိုမိုဆိုးရွားလာမည့် အခြေအနေလည်း ကြုံတွေ့နေရသည်။ ယင်းဒေသတွင် မိုးခေါင်မှု အဆိုးဆုံး ဖြစ်ပေါ်လျက် ရှိသည်။

ဆိုမာလီတွင် လူအများသည် အလွန်ဝေးကွာသည့် နေရာများထိ ခြေလျင်သွားရောက်ပြီး ရေအရင်းအမြစ်ကို ရှာဖွေစုပ်ယူနေရသည်။ အစာရေစာငတ်ပြတ်၍ သေဆုံးပြီးပုပ်ပွနေသည့် တိရစ္ဆာန်အလောင်းများကို နေရာအနှံ့ တွင် တွေ့ရသလို ယင်းတို့နှင့် ဆက်နွှယ်သည့် ရောဂါဘယဆိုးများလည်း စတင်ဖြစ်ပေါ်နေပြီဟု သိရသည်။

ခိုင်ရာက နိုင်ငံအတွင်းရှိ လူချမ်းသာများ၊ လုပ်ငန်းရှင်များအနေဖြင့် အခြေအနေ ပိုမိုဆိုးရွားမလာမီ အငတ်ဘေးကို တွန်းလှန်သည့် လုပ်ငန်းများ၌ ပါဝင်ပူးပေါင်းကူညီကြရန် တိုက်တွန်းခဲ့သည်။ “နိုင်ငံထဲမှာ လူသန်းနဲ့ချီပြီး အငတ် ဘေးကြောင့်၊ ရေမရတာကြောင့် သေပျောက်မယ့် အခြေအနေ ဖြစ်နေတယ်။ အားလုံး ပူးပေါင်းကူညီကြဖို့ အရေး တကြီး လိုအပ်နေပါပြီ”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကလည်း ကုလသမဂ္ဂ၏ ဆိုမာလီယာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ အကြီးအကဲ ပီတာ ဒီကလက်က မိုးခေါင်မှု အခြေအနေသာ ယခုအတိုင်း ဆက်လက် ဆိုးရွားနေမည် ဆိုပါက အငတ်ဘေး ဆိုးဆိုးရွားရွားကြုံသည့် ကပ်ဆိုက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားထားသည်။

Ref: CNN