အခွန်ပေးရမည့်သတင်းကြောင့် ရွှေအဝယ်လိုက်
လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့တွင် ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်း စတင်ပေးဆောင်ရ မည့်အတွက် ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူမှု ယခင်ကထက် များပြားကြောင်း ရွှေ လုပ်ငန်း ရှင်များထံမှ သိရသည်။
လက်ရှိတွင်ရွှေဈေးမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းကျော်ပြီး ဈေးမြင့်နေသော်လည်း ရွှေ အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း၊ ရွှေအခေါက်ထက် လက်ဝတ် ရတနာများမှာ ပိုမို ရောင်းကောင်းနေပြီး ပန်းထိမ်လုပ်ငန်းများမှာလည်း ယခင်ကထက် ဝင်ငွေ တိုးလာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။
“အခွန်ဆောင်ရတော့မယ်။ အခုတည်းက ရွှေကြိုဝယ်မယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ တချို့ဝယ်တဲ့ သူတွေက ကျွန်တော်တို့ကို တိုက်ရိုက်မေးတယ်။ အခွန် ဆောင်ရပြီ လား။ ဆောင်ရမယ်ဆိုရင်တော့ နောက်မှ ဝယ်တော့မယ် ဆိုပြီးပြောတယ်”ဟု ၎င်းကပြောဆိုသည်။
ရွှေအခွန်မှာ ယခင်ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ ထွက်ရှိပြီးကတည်းက ဝယ်ယူသူများက မပေးဆောင်ရ သော်လည်း လုပ်ငန်းရှင်များက ပေးဆောင်ရကြောင်း၊ ၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေတွင် ရွှေနှင့် လက်ဝတ်ရတနာများမှာ အခွန်ဆောင်ရမည်ဟူသည့် အပိုဒ်တစ်ပိုဒ် သီးသန့်ထည့်လိုက်သောကြောင့် ဝယ်ယူ သူများက တိုက်ရိုက်အခွန်ပေးဆောင်ရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် ဦးဌေးလွင်က ရှင်းပြသည်။
အခွန်အကောက် ဥပဒေကြမ်း စတင် ရေးဆွဲစဉ်က ရွှေအခွန်ကို ၃ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ထည့်သွင်း ထားရာ ယင်းကဲ့သို့ ၃ ရာခိုင်နှုန်း ပေးဆောင်ရမည် ဆိုပါက ရွှေအရောင်း အဝယ် အေးစက်သွားနိုင်သည့်အတွက် ရွှေလုပ်ငန်းရှင်များ စုပေါင်း၍ အခွန် ၁ ရာခိုင်နှုန်းသာ ကောက်ရန် စာတင်သောကြောင့် ယခုကဲ့သို့ ၁ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွှေအခွန်နှင့်ပတ်သက်၍ လူအများစုမှာ ပေးဆောင်ရန် ကြောက်ကြသော်လည်း ၁ ရာခိုင်နှုန်း ပမာဏမှာ တွက် ကြည့်လျှင် အခွန်နည်းသေးကြောင်း ရွှေဝယ်ယူသူ ဦးအောင်ကိုဝင်း က ပြောကြားသည်။
“၁၀ သိန်းဖိုးဝယ်မှ တစ်သောင်း ပေးရတာ ပေးပျော်ပါတယ်ဗျာ” ဟု ၎င်းကဆိုသည်။
The Voice