သမ္မတ ပက်ခ်ဂွမ်ဟေး အပေါ် စုံစမ်းစစ်ဆေးမှု အချိန်တိုးပေးရန် တောင်ကိုရီးယား ယာယီသမ္မတ ငြင်းဆို

သမ္မတအပေါ် စွပ်စွဲထားသည့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည့် အချိန်ကို သက်တမ်း တိုးမြှင့်သင့်ကြောင်း တောင်းဆိုမှုများကို ယာယီသမ္မတ ဟွမ်ကျိုအန်းဘက် က ငြင်းဆန်ခဲ့သည်။ ပက်ခ်အနေဖြင့် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အဂတိ လိုက်စားမှု အရှုပ်အထွေးများနှင့် ဆက်နွှယ်မိပြီး တရားရုံတင် စစ်ဆေးမှု ခံနေရသလို ပြည်သူ့ထောက်ခံမှု ဆိုးရွားစွာ ကျဆင်းလျက်ရှိသည်။ စစ်ဆေးမှု ခံနေရစဉ် အတောအတွင်း ပက်ခ်သည် သူမ၏ လုပ်ငန်းတာဝန်များနှင့် ကင်းကွာနေရပြီး ဝန်ကြီးချုပ်ဟွမ်က ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

 

ဟွမ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သတ်မှတ် ကာလအတွင်း အထူးစုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သလို သတ်မှတ်ချက်အတိုင်း စုံစမ်းစစ်ဆေးရေး ကာလကို ထားရှိခြင်းသည် နိုင်ငံ၏ အကျိုးအတွက် ပိုမိုသင့်တော် ကောင်းမွန်လိမ့်မည်ဟု ပြောကြားသွားသည်။ “ယာယီသမ္မတ အနေနဲ့ ဆုံးဖြတ်လိုက်တာကတော့ နိုင်ငံရဲ့ တည်ငြိမ်မှုအတွက် အလေးထားမယ်ဆိုရင် အထူးစုံစမ်းစစ်ဆေးရေး ကာလကို ထပ်ပြီး မြှင့်တင်တာမျိုး မလုပ်သင့်ဘူး ဆိုတာပါပဲ”ဟု ၎င်းက ဆိုသည်။ ပက်ခ်ကို လွှတ်တော်တွင်း မဲခွဲစစ်ဆေးမှု ရလဒ်ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် သမ္မတ၏ ရာထူးတာဝန်များမှ ဖယ်ရှားခဲ့သည်။ သူမနှင့် ချွိုင်တို့အပြင် Samsung ကော်ပိုရေးရှင်းကြီး၏ အကြီးအကဲ ဂျေဝိုင်လီကိုပါ ယင်းအမှုနှင့် ဆက်နွှယ်၍ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့်နောက် အကျင့်ပျက်မှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများမှာ ပိုမိုနက်နဲ ရှုပ်ထွေးလာသည်။

ပက်ခ်၊ ချွိုင်နှင့် လီတို့အားလုံးက ၎င်းတို့သည် မည်သည့် အမှားမျှ ကျူးလွန်မှု မရှိကြောင်း ငြင်းဆိုထားသည်။ တရားဝင် သတ်မှတ်ထားသည့် အချိန်ကာလအရ ပက်ခ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဖေဖော်ဝါရီ ၂၈ ရက်တွင် အပြီးသတ်ရမည် ဖြစ်သည်။ အစိုးရရှေ့နေအဖွဲ့၏ အထူးစုံစမ်းမှု ယူနစ်က အချိန်မလောက်ငှသဖြင့် ရက် ၃၀ ထပ်မံတိုးမြှင့်ရန် တောင်းဆိုမှုကို ယာယီသမ္မတက ပယ်ချခဲ့ခြင်း ဖြစ်သည်။

တိကျပြည့်စုံသည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမျိုး မတည်ဆောက်နိုင်ပါက လက်ရှိသမ္မတဖြစ်သော ပက်ခ်အပေါ် စွဲချက်နှင့် ပတ်သက်ပြီး စီရင်ချက် ချမှတ်ရာ၌ ကြီးမားသော သက်ရောက်မှုများ ရှိလာမေည် ဖြစ်သည်။ ဟွမ်၏ ကြေညာချက်ကို အတိုက်အခံ အင်အားစုများက ဒေါသတကြီး ကန့်ကွက်ခဲ့သလို ၎င်းကိုပါ ကြံရာပါအဖြစ် စွပ်စွဲ သမုတ်ခဲ့ကြသည်။

တောင်ကိုရီးယား အစိုးရ ရှေ့နေများကလည်း ဟွမ်အနေဖြင့် ယခုလို ဆုံးဖြတ်ခြင်းသည် နောင်တရစရာများ ကြုံလာနိုင်ကြောင်း သတိပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှု သတ်မှတ်ကာလကို မူလအတိုင်း ထားရှိရန် အတည်ပြု လိုက်ပြီ ဖြစ်သည့်နောက် ပက်ခ်နှင့် ပတ်သက်၍ ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာရန်လည်း ပိုမို တွန်းအားပေး အရှိန်မြှင့်သည့်သဘော သက်ရောက်လာနိုင်သည်။

ပက်ခ်သည် နောက်ဆုံး စီရင်ချက် ချမှတ်မည့်နေ့တွင် တရားခွင်သို့ တက်ရောက်ဖွယ် မရှိဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ ယင်းအခြေအနေက သူမအပေါ် ပြည်သူလူထု၏ အမြင်ကို လက်ရှိထက် ညစ်နွမ်းသွားစေ နိုင်ကြောင်းလည်း နိုင်ငံရေး သုတေသီများက သုံးသပ်ထားကြသည်။       -Ref: Reuters