၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ပြန်လည် ထုတ်ပြန်မည်

၂၁ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ဒုတိယအကြိမ် ပြန်လည်ကျင်းပမည့်ရက် သတ်မှတ်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်း၍ ကျင်းပမည့်ရက်ကို ပြန်လည်ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သက်ဆိုင်တဲ့ UPDJC က ဥက္ကဋ္ဌတွေနဲ့ ဒုဥက္ကဋ္ဌတွေအနေနဲ့ ဒါကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပါလိမ့် မယ်။ ပြီးခဲ့တဲ့ နောက်ဆုံး UPDJC အစည်းအဝေးမှာကတည်းက Confirm Date ပေးဖို့ ရှိသေးတယ်လို့ ဆုံးဖြတ် ခဲ့ကြတယ်”ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်မပြုဘဲ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပမည့်အပေါ် ကျင်းပခွင့်မရသည့် တိုင်းရင်းသား အဖွဲ့ အစည်းတို့က ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ညီလာခံ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အစိုးရက တရားဝင် ပြောကြားခဲ့သည်။

လက်ရှိတွင် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ တက်ရောက်ရန်အတွက် ဒေသအလိုက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ခြင်းများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်နေကြပြီး ကိုယ်စားလှယ်ဦးရေကို ပထမအကြိမ်အတိုင်း ဦးရေ ၇၀ဝ ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း UPDJC ထံမှ သိရသည်။

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခြောက်လတစ်ကြိမ် ခေါ်ယူကျင်းပရမည်ဟူသော သတ်မှတ်ချက်အရ NLD အစိုးရလက်ထက် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ ကြသည်။

# The Voice