ချင်းပြည်နယ်အတွင်းမှ AA မထွက်ခွာပါက စစ်ရေးအရ ဖြေရှင်းမည်ဟု CNF ဆို

ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA (ရခိုင် လက်နက်ကိုင်အဖွဲ့)များ ထွက်ခွာခြင်း မပြုပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောကြားသည်။

“AA တပ်ဖွဲ့တွေ ချင်းပြည်နယ် ပလက်ဝမှာ စစ်ရေးလှုပ်ရှားနေတာ ဒေသခံပြည်သူတွေက လက်မခံဘူး။ အခု နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးနေပါတယ်။ အဆင့်တစ်ကနေ သုံးထိ သတ်မှတ်ထားတယ်။ နောက်ဆုံး အဆင့်ကတော့ စစ်ရေးအရ ဖြေရှင်းသွားမှာပါ”ဟု  ပူးရမ်ကုလ်ကျုံးက ဆိုသည်။

ချင်းပြည်နယ် ပလပ်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA လက်နက်ကိုင်အဖွဲ့ ထွက်ခွာရန် နှစ်ဖက် ခေါင်းဆောင်များ ဆွေးနွေးလျက်ရှိပြီး ထိုကဲ့သို့ ဆွေးနွေးရာ၌ အဆင့်တစ်မှ သုံးအထိ သက်မှတ်ထားကြောင်း၊ အဆင့်တစ်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်း၊ စာရေးသားပေးပို့ခြင်း၊ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံခြင်း များ ပြုလုပ်လျက် ရှိကြောင်း CNF က ဆိုသည်။

“အဆင့်တစ်ကနေ သုံးထိ သတ်မှတ်ထားတယ်။ အဆင့်တစ်က နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးမယ်။ အဆင့် သုံးကတော့ စစ်ရေးအရ ဖြေရှင်းမယ်”ဟု ပူးရမ် ကုလ်ကျုံးက ဆက်လက် ပြောကြားသည်။

CNF သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံတော် သမ္မတ(ဟောင်း) ဦးသိန်းစိန် လက်ထက်၌ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းမှ AA တပ်ဖွဲ့များ ထွက်ခွာရန် CNF ၏ တောင်းဆိုမှုများနှင့်ပတ်သက်၍ AA ထံ ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍မရခဲ့ပေ။

# The Voice