အိန္ဒိယ နိုင်ငံသား နိုဘယ်လ်ဆုရှင် ဆတ်ယာသီ၏ ခိုးယူခံရသော ဆုတံဆိပ် ပြန်လည် ရရှိ

အိန္ဒိယ နိုင်ငံသား နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ကိုင်လက်ရှ် ဆတ်ယာသီ အနေဖြင့် ခိုးယူခံရသော နိုဘယ်လ် ဆုတံဆိပ်ကို ပြန်လည်ရရှိခဲ့ပြီဟု သိရသည်။

 

ပြီးခဲ့သည့် သီတင်းပတ်က ဆတ်ယာသီ၏ နေအိမ်ကို ဖောက်ထွင်းခံရပြီး နိုဘယ်လ်ဆုတံဆိပ်၊ ဆုချီးမြှင့်မှု အသိအမှတ်ပြုလွှာ၊ အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားသော ပုဂ္ဂိုလ်ရေး အသုံးအဆောင်များ ခိုးယူခြင်း ခံခဲ့ရသည်။ သို့သော်အဆိုပါ ပစ္စည်းများအားလုံး ပြန်လည်ရရှိပြီဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က အတည်ပြု ခဲ့သည်။

နယူးဒေလီတွင် နေထိုင်သည့် ဆတ်ယာသီသည် အိန္ဒိယတွင် ကလေးငယ်များ အခွင့်အရေး တက်ကြွ လှုပ်ရှား မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်မှ အမျိုးသမီး ပညာသင်ကြားခွင့် လှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်နှင့် ပူးတွဲပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။

ရဲတပ်ဖွဲ့က ခိုးမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ သုံးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ဆတ်ယာသီက အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ လူတစ်ဦးမျှ ရှိမနေခဲ့ဟု ဆိုသည်။

“အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ဒီနိုင်ငံက လူတွေရဲ့ တာဝန်သိတတ်မှုကို ကျွန်တော် အမြဲတမ်း အပြည့်အဝ ယုံကြည်ခဲ့ ပြီးသားပါ။ ဒေလီ ရဲတပ်ဖွဲ့အနေနဲ့ စွမ်းစွမ်းတမံ အားထုတ်ပြီး အမှုကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့သလို ကျွန်တော့် ပစ္စည်းတွေကို ပြန်လည် ရရှိစေတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်”ဟု ဆတ်ယာသီက ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဆတ်ယာသီသည် Bachpan Bachao Andolanခေါ် ကလေးငယ်များ ကယ်ဆယ် စောင့်ရှောက်ရေး လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ပြီး ကလေးငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူကုန်ကူးခံရမှုများကို ဆန့်ကျင်တိုက်ဖျက်ရန် အားထုတ် ကြိုးစားလျက် ရှိသည်။ ၎င်း၏ အဖွဲ့အစည်းသည် အနိုင်အထက် ခိုင်းစေညှင်းပန်း ခံနေရသည့် ကလေးငယ် ထောင်နှင့်သောင်းနှင့်ချီပြီး ကယ်ဆယ်နိုင်ခဲ့ ကြောင်းလည်း သိရှိရသည်။