တရုတ်နယ်စပ်ဒေသများ လုံခြုံရေးမြှင့်တင်နိုင်ရန် နိုင်ငံခြားသား ခရီးသွားများထံမှ လက်ဗွေရာယူပြီ
တရုတ်နိုင်ငံသည် နယ်စပ်ဒေသလုံခြုံရေး မြှင့်တင်သည့်အနေဖြင့် နိုင်ငံခြားသားခရီးသွားအားလုံး၏ လက်ဗွေရာများကို မှတ်တမ်းယူမှု စတင်ပြုလုပ်ပြီဖြစ်ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။
နိုင်ငံခြားသားခရီးသွားများ၏ လက်ဗွေရာများ မှတ်တမ်းယူသည့် စနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျင့် လေဆိပ်၌ ဖေဖော်ဝါရီ ၁ဝ ရက်မှ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အခြားနယ်စပ်စစ်ဆေးရေး စခန်းများတွင် ယင်းစနစ်ကို တဖြည်းဖြည်းကျင့်သုံးသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြသည်။
ပြည်ပနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် အသက် (၁၄) နှစ်မှ အသက် (၇ဝ) အထိ ဖြစ်သော ခရီးသွားများအားလုံးထံမှ လက်ဗွေရာများကို ရယူမည်ဖြစ်သည်။ သို့ရာတွင် မည်သူ မည်ဝါအဖြစ် အတည်ပြုနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာများကို မှတ်တမ်းတင်စနစ်(ဘိုင်အိုမက်ထရစ် သတင်းအချက် အလက်စနစ်)ဖြင့် မှတ်တမ်းယူမှု ရှိ၊ မရှိ အသေးစိတ် ကိုဖော်ပြခြင်းမရှိပေ။
လက်ဗွေယူရန် စည်းမျဉ်းသစ် ထုတ်ပြန်ရခြင်းသည် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း ထိရောက်စေရန် ရည်ရွယ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားသည်။ အမေရိကန်၊ ဂျပန်၊ တရုတ်(တိုင်ပေ)နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လက်ဗွေယူသည့်စနစ်ကို ကျင့်သုံးလျက် ရှိသည်ဆိုသည်။
ယေဘုယျအားဖြင့် တရုတ်နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းများသည် ခရီးသွားများအား စစ်ဆေးမှုကို ပုံမှန်သာ ပြုလုပ်လေ့ရှိပြီး ပြည်ဝင်ဗီဇာ ပြသရုံမျှဖြင့် ဝင်ရောက်ခွင့်ပေးသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင် နိုင်ရန် ရည်ရွယ်လျက် တရုတ်မြို့ကြီးများတွင် ရက်အနည်းငယ်သာနေထိုင်မည့် ခရီးသွားများအား ဗီဇာကင်းလွတ် ခွင့်ပေးသည့် သဘောတူညီ ချက်များ ရရှိထားသည်။
ရိုက်တာ။
The Mirror Daily