ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများက ရန်ပြုရန် ၀ိုင်းရံလာသဖြင့် တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ သည့်ဖြစ်စဉ်တွင် ငါးဖမ်းလှေများက တပ်မတော်ရေယာဉ်ကို အကြမ်းဖက်ရန်ပြုရန် ၀န်းရံလာသဖြင့် ပစ်ခတ် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၆ ရက်က နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို မြန်မာတပ်ဖွဲ့ဝင်များက ပစ်ခတ် မှုကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်သည် တပ်မတော် လှည့်ကင်း ရေယာဉ်က မောင်တောမြို့နယ် ကညင်ချောင်းနှင့် ညောင်ချောင်းအကြားတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်း စက်လှေရှစ်စီးကိုတွေ့ရှိပြီး ငါးစီးသည် မြန်မာနိုင်ငံပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းနေသဖြင့် စစ်ဆေးရန် ကြိုးစား ရာမှ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါငါးဖမ်းစက်လှေများထဲမှ ပိုင်နက်နှင့်အနီးဆုံးစက်လှေကို စစ်ဆေးရန်သွားရောက်စဉ် အခြားစက် လှေများက အန္တရာယ်ပြုရန် ၀န်းရံလာသဖြင့် စစ်သားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအခြေအနေကြောင့် လက်နက်ငယ်ဖြင့် နှစ်ချက်ပစ်ရာ စက်လှေများသည် တစ်ဖက်နိုင်ငံ ရေပိုင်နက်ထဲသို့ ပြန်လည်ထွက်ပြေးသွား ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အကြောင်း ကြားလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်ကို အဖြစ်မှန် ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။

# 7 Day Daily