ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ကို ဂုဏ်ပြုပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ဂုဏ်ပြုပွဲကို ယနေ့ည ၇ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးခန်းမကြီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဗဟိုဦးဆောင်ကော်မတီနာယကကြီး ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ ပါတီဗဟိုအတိုင်ပင်ခံ အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ဒုတိယသမ္မတ(ငြိမ်း)၊ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့်ဒုတိယဝန်ကြီး(ငြိမ်း) များ၊ ဖိတ်ကြားထားသော မိတ်ဖက်ပါတီများမှတာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ပါတီဦးဆောင်ဗဟိုကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် စွမ်းဆောင်ခဲ့မှုများအတွက်ရရှိခဲ့သည့်နိုင်ငံတကာမှချီးမြှင့်သည့်ဆုတံဆိပ်များနှင့်ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ဂျပန်နိုင်ငံနာရာမြို့တွင်ကျင်းပခဲ့သည့်နာရာဖိုရမ် အခမ်းအနားတွင်Economic Research Institute for ASEAN and East Asia(ERIA)မှ ချီးမြှင့်သည့်The 3rd Asia Cosmopolitan Award’s (Grand Prize) ဆုလက်ခံရယူခြင်းနှင့်စပ်လျဉ်း၍ ပါတီဗဟို ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်က ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ကျေးဇူးတင်စကားပြောကြားပြီးနောက် ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။ ဂုဏ်ပြုညစာသုံးဆောင်နေစဉ်တွင် တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ဖျော်ဖြေရေးအဖွဲ့ အား ဂုဏ်ပြုပန်းခြင်းပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Union daily