ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၂၅-၁-၂၀၁၇)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဖြင့် တွေ့ဆုံခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဝိုးလှိုင်၊ ခရိုင်အဖွဲ့ဝင် ဒေါ်ကြည်မေ၊ မြို့နယ်အမျိုးသမီးရေးရာ တွဲဖတ်တာဝန်ခံ ဒေါ်လောယိုတို့မှ အမျိုးသမီးကဏ္ဍအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတို့တွင် ပါတီ၏ ဦးဆောင်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်အလိုက်ခိုင်ခိုင်မာမာ ဖွံ့စည်းရေးကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံမှ ယနေ့ဆောင်ရွက်သည့် လုပ်ငန်းစဉ်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း မှ လှူဒါန်းသော ပန်းရောင် အမျိုးသမီးဝတ်စုံ(၃)စုံအား မကာဟိုခမ်းရပ်ကွက် အမျိုးသမီးအဖွဲ့ဝင် (၃)ဦးအား ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး အမျိုးသမီးအဖွဲ့သည် ၀မ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားရိပ်သာစိမ်းလန်းစိုပြေရေးအတွက် ဗဟိုပါတီကော်မတီဝင် ဒေါ်တင်မေထွန်း လှူဒါန်းသည့် ချယ်ရီပင်(၃၅)ပင် စိုက်ပျိုးခြင်း၊ ဘိုးဘွားရိပ်သာ သန့်ရှင်းရေးလုပ်အား ဒါနဆောင်ရွက်ခြင်း၊ စုပေါင်းထည့်ဝင်ငွေ ထိုင်းဘတ်(၂၈၀၀)အား ဆေးပဒေသာပင်အတွက် လှူဒါန်းခြင်းများကို နံနက်(၀၉း၃၀)မှ နေ့လည်(၁၁း၀၀)အထိ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ