ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ သည် ဇန်န၀ါရီလဆန်းတွင် ပထမအကြိမ်အဖြစ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးတင်ထွန်းက “ဇန်န၀ါရီ ၃ ရက် နိုင်ငံရေး ပါတီတွေနဲ့တွေ့ဖို့ရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပဲ ဆွေးနွေးမှာပါ” ဟုပြောသည်။

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ကြေညာအပြီး နောက်နေ့ဖြစ်သည့် ဇန်န၀ါရီလ ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၂၄ ပါတီတို့သည် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံသွားမည်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌဦးဟန်ရွှေက “ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲက နေရာအချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့အတွက် လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဂရုစိုက်ပေးဖို့ ကော်မရှင်ကိုတင်ပြသွားမယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်နှစ်နေရာနှင့် အမျိုးသားလွှတ်တော်တစ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီသည် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု စိတ်ဝင်စားမှု မြင့်တက်လာစေရန်အတွက် ကမ်ပိန်း တစ်ခုလုပ်ဆောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အထွေထွေအတွင်းရေးမှူး ကိုနေမင်းကျော်က “ပါတီဒုဥက္ကဋ္ဌ ဦးသက်ထွန်းမောင် တက်ဖို့ရှိတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထွေအထူးဆွေးနွေးဖို့မရှိ ဘူး” ဟုပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီပေါင်း ၂၄ပါတီမှ ကိုယ်စားလှယ်လောင်း ၈၉ ဦးနှင့် တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၆ ဦး အမည်စာရင်း တင်သွင်းထား ကြောင်း သိရသည်။

#Democracytoday