သမ္မတအိုဘားမား Chicago မှာ နှုတ်ဆက်မိန့်ခွန်းပြောမည်

အမေရိကန်သမ္မတ Barack Obama က သူရာထူးက အနားမယူခင် သူတာဝန်ထမ်းဆောင်စဉ် အောင်မြင်ခဲ့တဲ့ အခြေအနေတွေနဲ့ တိုင်းပြည် ဘယ်ကို ဦးတည်သွားနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့သီတင်း ပတ်အတွင်း နှုတ်ဆက်စကား ပြောကြားဖို့ စီစဉ်ထားပါတယ်။ Donald Trump ဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ သူ့ရဲ့မြို့ Chicago မှာ ပြောကြားမယ့် နှုတ်ဆက် မိန့်ခွန်းအတွင်း ဖြတ်သန်းခဲ့တဲ့ ၈ နှစ် တာခရီးတလျှောက် ထောက်ခံခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားတာအပြင် တိုင်းပြည် ကောင်းကျိုး အတွက် လုပ်ဆောင်ပေးနိုင်ခဲ့တာတွေနဲ့ ဒီကနေ့ တိုင်းပြည်ဘယ်ကို ဦးတည် သွားနေသလဲ ဆိုတာတွေကို ထည့်သွင်းပြောကြားသွားမှာဖြစ်ကြောင်း တနင်္လာနေ့က ထောက်ခံသူတွေကို ပေးပို့တဲ့ အီးမေးလ်ထဲမှာ သမ္မတ အိုဘားမားက ရေးသားထားပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်ကစလို့ သူတို့အနေနဲ့ အထိုက်အလျောက် စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အတူလက်တွဲပြီး ကျော်လွှားဖြေရှင်းနိုင်ခဲ့ကြောင်း၊ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ တိုင်းပြည် စတင်တည်ထောင်ခဲ့ကတည်းက တည်ရှိခဲ့တဲ့ ယုံကြည်မှုတွေကို စွဲမြဲစွာ ယုံကြည် ကိုင်ဆွဲထားခဲ့တဲ့ အတွက်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်အတိုင်း အတူလက်တွဲပြီး တိုင်းပြည် တိုးတက်ကောင်းမွန်ဖို့ အတွက် ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ George Washington က ၁၇၉၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အစဉ်အလာ အတိုင်း ရာထူးက အနားယူတော့မယ် သမ္မတတွေက နှုတ်ဆက် မိန့်ခွန်းပြောကြားကြသလို သမ္မတ အိုဘားမား က လည်း နှုတ်ဆက် မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။

(VOA)