မလေးရှားထောက်ပံ့ရေးရေယာဉ်ဖြတ်သန်းခွင့် မြန်မာသံရုံးသို့ ခွင့်ပြုချက်မတောင်းခံသေး

မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ၏ ထောက်ပံ့ရေးရေယာဉ်များ ရခိုင်ဒေသသို့စေ လွှတ်မည်ဟု မလေးရှားအခြေ စိုက်မီဒီယာများတွင် သတင်းများ ဖော်ပြခဲ့ကြသော်လည်း ရေယာဉ်ဖြတ်သန်းခွင့် အတွက် မြန်မာသံရုံးသို့ ခွင့်ပြုချက် မတောင်းခံသေးကြောင်း သတင်းရရှိသည်။

ဒီပစ္စည်းတွေ ပို့မှာနဲ့ပတ်သက်ပြီး မလေးအစိုးရကတော့ ဘာမှပြောဆိုတာမရှိသေးဘူး’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးဦးဇော်မြင့်က 7Day Daily သတင်းစာအား ပြောသည်။

ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီ ဦးဆောင်သောအဖွဲ့က ၎င်းတို့သဘောဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာမည်ဟု မလေးရှား အခြေစိုက်စတားအွန်လိုင်းက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အကူအညီပစ္စည်းများပေးပို့ ခွင့်ရမှု၊ မြန်မာရေပိုင်နက်အတွင်းမှ ပြန်လည်မောင်းထုတ်ခံရမှုနှင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တားဆီးမှု စသည့် အခြေအနေသုံးမျိုးအနက် တစ်မျိုးမျိုးဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မလေးရှား နိုင် ငံအစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ အတွင်းရေးမှူးချုပ်က ပြောကြားထားသည်။

လူသားချင်းစာနာထောက်ထားမှုအရ အကူအညီပေးခြင်းမဟုတ်ဘဲ ပြဿနာရှာသည့် သဘောဆိုပါက ၎င်းတို့ မျှော်မှန်းထားသည့် နည်းလမ်းနှစ်နှင့်သုံးသာ မလွဲမသွေရင်ဆိုင်ရလိမ့်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံက NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Indio-Aid အဖွဲ့၏ ထောက်ပံ့ကူညီမှုများကို ၎င်းတို့ ပေးပို့ စေလိုသည့် ရခိုင်ပြည်နယ်မှ ဒုက္ခသည်စခန်းများသို့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ညှိနှိုင်းပို့ဆောင် ပေးခဲ့ခြင်းကို ဦးဇော်ဌေး က ထောက်ပြသည်။

လူသားချင်းစာနာထောက် ထားမှုအကူအညီများပံ့ပိုးပေးခြင်းကို ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ရန်ကုန်မြို့ အစည်းအဝေးတွင် ပြောဆို ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်၌ရှိသည့် မလေးရှားသံရုံးသို့ စာပေးပို့အကြောင်းကြား ထားပြီးဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။ မလေးရှားနိုင်ငံ၌ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ ဒုဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့ကိုယ်တိုင်ပါဝင်ပြီး ထောင်နှင့် ချီသော မလေးရှားနိုင်ငံသားများက ဘင်္ဂါလီ များကို အကြမ်းဖက်မှုများ ရပ်တန့်ပေးရန် ဒီဇင်ဘာ ၄ ရက်တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။

ယင်းနေ့တွင်ပင် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး မြန်မာနိုင်ငံအပေါ် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်သည့် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် မလေးရှားနိုင်ငံသားများကို တန်ပြန်ဆန္ဒပြကန့်ကွက်မှုကို အမျိုး သားရေးလှုပ်ရှားသည့် ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်သည် ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၂၅ ရက် ကလည်း မလေးရှားလူမှုအဖွဲ့အစည်းများက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။ # 7 Day Daily