ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးစဉ် MU2032 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါတီဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်းဂျုံ၊ ပါတီဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာဝင်းအောင်ကျော်တို့က အဖွဲ့ဝင်အဖြစ် လိုက်ပါသွား ကြောင်း သိရသည်။

ယင်းပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် မှ ၃၁ ရက်အထိ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံမှူးကြီး Mr. Cheng Cheng နှင့် ပထမအတွင်းဝန်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။

သက်ထွန်းနိုင်