ကုန်သေတ္တာတင်ယာဉ်များ ညပိုင်းသာ ဖြတ်သန်းခွင့်ပြု၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ကုန်ကျစရိတ်ပိုများလာ

ကုန်သေတ္တာယာဉ် (ကွန်တိန်နာ) နှင့် ကုန်တင်ကားများကို ညပိုင်းတွင်သာ ဖြတ်သန်းခွင့်ပြုသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များသည် ယခုရက်ပိုင်းအတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်ရာ၌ အပိုငွေကြေးကုန်ကျမှု ပိုများလာကြောင်း သတင်းရရှိသည်။

ကုန်သေတ္တာတင် ယာဉ်များကို ညဘက် ၉ နာရီမှသာ ဖြတ်သန်းခွင့်ပေးခြင်းသည် ပြည်ပကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် အခက်အခဲဖြစ်စေပြီး မလိုလားသော အပိုကုန်ကျစရိတ်များ မြင့်တက်လာသည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ထို့ကြောင့် ယခုကဲ့သို့ ကွန်တိန်နာနှင့် ကုန်တင်ကားများကို ညပိုင်းတွင်သာ ဖြတ်သန်းခွင့်ပြုပြီး အဆင်မပြေပါက ကုန်ကျစရိတ်များနေသဖြင့် ကုန်သွယ်မှုကို လျှော့ချလုပ်ကိုင်ရမည့်အခြေအနေဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်အချို့က ပြောသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ညနေ ၅ နာရီကျော်ပါက ပိုးမွှားအန္တရာယ်ကြောင့် သင်္ဘော တင်ခွင့်မပေးကြောင်း ဦးနေလင်းဇင်က ဆိုသည်။

ညဘက် ရန်ကုန်ဆိပ်ကမ်းတွင် မီးရောင်အောက်၌ ကွန်တိန်နာများ ဖွင့်ဖောက်စစ်ဆေးပါက ယင်းပိုးမွှားများ ပါဝင်နိုင်သည်။ ပိုးမွှားများပါဝင်လျှင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လက်မခံသဖြင့် အချိန်ပိုမိုယူရပြီး ကြန့်ကြာ မှုများရှိနေကြောင်း ဆန်ကုန်သည် အချို့က ဆိုသည်။

ထို့အပြင် ညဘက်တွင် ကုန်တင်ကုန်ချလုပ်ရခြင်းကြောင့် အလုပ်သမားစရိတ် ပိုမိုကုန်ကျခြင်း၊ ကားခများ ပိုမိုပေး ရခြင်း စသည်တို့ကြုံတွေ့နေရကြောင်း ပြည်ပမှ သကြားတင်သွင်းနေသည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။ ‘‘စီးပွားရေးသမားက မကိုက်ရင်မလုပ်ရုံပဲ’’ ဟု ဒေါက်တာစိုးထွန်းက  ဆက်လက်ပြော ကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရလက်ထက်တွင် ပို့ကုန်သုံးဆ မြှင့်တင်မည်ဟု အစိုးရ စတင်တာဝန်ယူစဉ်က အများပြည်သူအား ပြောကြားထားသည်။ သို့သော် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သည် ပို့ကုန်မြှင့်တင်ရန် အခက်အခဲဖြစ်လာမည်ကို စိုးရိမ် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကွန်တိန်နာကားများကို မည်သည့်နိုင်ငံကမျှ နေ့ခင်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ယခုကဲ့သို့ အချိန်သတ်မှတ်ခြင်းသည် ကွန်တိန်နာသမားများကို ရစ်ခြင်းမဟုတ် ကြောင်းပြောသည်။ထို့အပြင် ကွန်တိန်နာကားများ ညပိုင်းဖြတ်သန်းခွင့်ပြုခြင်းကို ကုန်စည်စီးဆင်းမှုအရ လိုအပ် လျှင် နေ့ဘက်လည်း ပေးမောင်းမည်ဟု ပြောထားပြန်သည်။

အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေသည့် မတ်ပဲနှင့် ပဲတီစိမ်းသည် ဖေဖော်ဝါရီ၊ မတ်လတွင် အသစ်ပေါ်လေ့ရှိပြီး ယင်းအချိန်တွင် တစ်လလျှင် ပြည်ပသို့ တန်ချိန်တစ်သိန်းခွဲခန့် တင်ပို့ရသဖြင့် အခက်အခဲ ဖြစ်လာနိုင်သည်ဟု ပြည်ပသို့ ပဲမျိုးစုံတင်ပို့ နေသည့် လုပ်ငန်းရှင် ဦးမင်းကိုဦးက ပြောသည်။

ဒီဇင်ဘာ ၇ ရက်ကစ၍ ရန် ကုန်မြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ည ၉ နာရီမှ နံနက် ၆ နာရီအထိ ခွင့်ပြုပေးခဲ့သည်။ ထိုသို့ ညဘက်အချိန်ပိုင်းသာ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှု စီစဉ်ရခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြား ထားသည်။ # 7 Day Daily


Leave a Reply