ဆန္ဒပြတာ အစိုးရအလုပ် မဟုတ်ဟု မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ပြောကြား
မြန်မာနိုင်ငံမှ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနှင့် လူထုဆန္ဒ ပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသား ဖော်ပြသည်။
မြန်မာနိုင်ငံရှိ ဘင်္ဂါလီလူမျိုးပြဿနာများပြေလည်စေရန် သံတမန်နည်းလမ်းများ ကျင့်သုံးကာ ဖြေရှင်းပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ထံတွင် ရှိနေပါလျက် အဘယ့်ကြောင့် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ရ သနည်း ဟူသောအချက်ကို မဟာသီယာမိုဟာမက်က မေးခွန်းထုတ်လိုက်သည်။
ကန့်ကွက်ဆန္ဒပြမှုများ ဟူသည်မှာ အစိုးရကိုဆန့်ကျင်သူ အတိုက်အခံများအတွက်သာဖြစ်ပြီး အစိုးရကိုယ်တိုင် လုပ်ဆောင်ရမည့်ကိစ္စမဟုတ်ဟု မဟာသီယာမိုဟာမက်က ထောက်ပြပြောဆိုသည်။
“ကျွန်တော်အခုဆန္ဒပြမယ်ဆိုရင် ရတယ်၊ ဒါပေမဲ့ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အစိုးရထဲက ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တော့လို့ပဲ” ဟု ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အာဏာရ UMNO ပါတီနှင့် အခြား အစ္စလာမ္မစ်ပါတီတို့ ဦးဆောင်နေသည့် မြန်မာနိုင်ငံအပေါ် ကန့်ကွက်ဆန္ဒပြမှုများတွင် PPBM ပါတီ (မဟာသီယာ မိုဟာမက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောပါတီ) အနေနှင့် ဝင်ရောက်ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခံရခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို မဟာသီယာက အထက်ပါအတိုင်း တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ယင်း သတင်းစာရှင်းလင်းပွဲသို့ PKR ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဝမ်အဇီဇာဝမ်အစ္စမေးလ်လည်း တက်ရောက်ခဲ့သည်။
ယင်းပါတီနှစ်ခု၏ ခေါင်းဆောင်များက မြန်မာနိုင်ငံရှိ ဘင်္ဂါလီအရေးကိစ္စအပေါ် ဆန့်ကျင်ဆန္ဒပြမှု ၎င်းပူးပေါင်းရန် ဖိတ်ကြားချက် တစ်စုံတရာမရရှိကြောင်း ပြောကြားသည်။ “ကျွန်မတို့ PKR ပါတီ အနေနဲ့ ဖိတ်ကြားခံရတာ လုံးဝ မရှိခဲ့ပါဘူး။ အဲဒီဆန္ဒပြတဲ့ကိစ္စကို ကျွန်မတို့ သိထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ပွင့်ပွင့်လင်းလင်းပဲ အမေးခံရလို့ပါ” ဟု ဒေါက်တာ ဝမ်အဇီဇာဝမ်အစ္စမေးလ်က ပြောကြားသည်။ ထို့ပြင် ဝန်ကြီးချုပ်တစ်ဦးအနေနှင့် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရန် မလိုအပ်ဟူသော မဟာသီယာမိုဟာမက်၏ အဆိုကို သဘောတူကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“သူဟာ အစိုးရအကြီးအကဲတစ်ဦးဖြစ်တဲ့အတွက် သူ့မှာလုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာရှိတယ်။ သူ့အနေနဲ့ ကြေညာ ချက်ထုတ်ပြန်ပြီး အစိုးရအချင်းချင်း ပူးပေါင်းဖြေရှင်းတဲ့နည်းလမ်းကိုချဉ်းကပ်သင့်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ # The Voice