ဩစတြေးလျတွင် မိုးကြိုးပန်းနာကြောင့် သေဆုံးသူ ၆ ဦးထိရှိလာ
ဩစတြေးလျတွင် ရုတ်တရက် ဖြစ်ပွားခဲ့သည့် မိုးကြိုးပန်းနာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၆ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရှားပါးလှသည့် ရာသီဥတု ဖောက်ပြန်မှု အခြေအနေ တစ်ရပ်ကြောင့် အဆိုပါ ထူးဆန်းသည့် ရောဂါမျိုး မဲလ်ဘုန်းမြို့ခံအချို့ ကြုံတွေ့ခဲ့ရသည်။ မဲလ်ဘုန်း ဆေးရုံများတွင် အခြေအနေ စိုးရိမ်ရ ဆဲအဆင့် မိုးကြိုးပန်းနာ ဝေဒနာရှင် လူနာ ၃ ဦးကို ကြပ်မတ် ကုသပေးနေရဆဲ ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းက ဝိတိုရိယပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ရာမှ ပန်းဝတ်မှုန်များစွာ လေထဲပျံ့နှံ့သွားပြီး ဓာတ်မတည့်သူများတွင် ပန်းနာဝေဒနာ ထဖောက်သည့်ဖြစ်စဉ်
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ချိန်တွင် ရှားရှားပါးပါး ဖြစ်ပေါ်တတ်သည့် ရောဂါမျိုး ဖြစ်သောကြောင့် ယင်းကို မိုးကြိုးပန်းနာဟု ခေါ်ဝေါ်ကြသည်။
မဲလ်ဘုန်းအပါအဝင် ပြည်နယ်အတွင်း ဒေသအတော်များများ၌ ယင်းအခြေအနေကြောင့် အသက်ရှူရ ခက်ခဲ နေကြောင်း လူထောင်ပေါင်းများစွာက ဖုန်းဆက်တိုင်ကြားခဲ့ရာ ဆေးရုံများ၊ အရေးပေါ် ကြက်ခြေနီဝန်ထမ်းများ အင်အားမလုံလောက်ဘဲ ဗျာများခဲ့ရသည်။ အစောပိုင်းက ထိုဖြစ်ရပ်ကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး သီတင်းပတ် ကုန်တွင် နောက်ထပ် ၂ ဦး ထပ်မံ အသက်ဆုံးရှုံးခဲ့ခြင်းဟု သိရသည်။ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူ ရသူ အရေအတွက်မှာ ၈၀၀၀ မျှထိ ရှိခဲ့သည်။
မိုးကြိုးပန်းနာရောဂါသည် ရိုင်းဂျုံပင်များ၏ ဝတ်မှုန်များ ပြည့်ဝဖြစ်ထွန်းနေသည့် နွေဦးပေါက်ကာလမျိုးတွင် ပေါ်ပေါက်လေ့ရှိသည်။ စိုစွတ်နေသည့် ဝတ်မှုန်များသည် လူသားများ၏ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲဝင်ရောက်ပြီး ပန်းနာရင်ကျပ်ကဲ့သို့ အသက်ရှူရခက်ခဲသည့် အခြေအနေမျိုး ဖြစ်ပေါ်စေသည်။
ဩစတြေးလျတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်း နီးပါးမျှ ပန်းနာရောဂါအခံ ရှိနေပြီး ပန်းနာဝေဒနာသည်များသည် မိုးကြိုးပန်းနာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းမျှထိ မြင့်တက်နေတတ်သည်။ အထူးသဖြင့် ရိုင်းဂျုံ၏ ဝတ်မှုန်များသည် ပန်းနာသမားများနှင့် ဓာတ်မတည့်ချေ။
လက်ရှိ နွေဦးပေါက်တွင် မဲလ်ဘုန်း၌ ရာသီဥတု စိုစွတ်လျက်ရှိရာ ပန်းနာရောဂါသည်များ အခြေအနေ ပိုမိုဆိုးရွား နေပြီး ဖျားနာမှုများလည်း တိုးပွားလျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများ အကြီးအကျယ် အလုပ်ရှုပ်နေကြောင်း သိရသည်။ Ref: BBC