ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို KNU ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက်မည်ဟု ဦးသန်းရွှေက ပြောကြားခဲ့ဟုဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့သည် နေပြည်တော်တွင်ရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့်အဖွဲ့သည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ၎င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဦးသန်းရွှေ က နိုင်ငံရေးမလုပ်တော့ဘူးဟု ပြောကြောင်းနှင့် ငြိမ်းချမ်းရေးရမှ နိုင်ငံတိုးတက်မည်ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံရာတွင် ပါဝင်သည့် KNU အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းက ဆိုသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ တွေ့ပါတယ်။ ဆွေးနွေးတယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့က သူတို့ကိုသွားပြီးတော့ နှုတ်ဆက်တဲ့သဘောပါ။ နေပြည်တော် ရောက်တဲ့အချိန်မှာ သွားပြီးတော့ နှုတ်ဆက်တာပါ။ သူကတော့ နိုင်ငံရေးမှာမလုပ်ဘူး။ ဘာလို့လဲဆိုတော့ အနားယူနေတာကိုး။ ဒါပေမဲ့ တွေ့ပြီးရင်တော့ သူ့အတွေ့အကြုံတွေတော့ သူရှင်းပြတာပေါ့။ သူကတော့ ပြောပါတယ်။ ငြိမ်းချမ်းရေးရှိမှ နိုင်ငံတော် တိုးတက်မယ်ဆိုတာ တော့ ပြောပါတယ်။ သူကတော့ နိုင်ငံရေး မလုပ်တော့ဘူးတဲ့။ ငြိမ်းချမ်းရေးမှာတော့ ရှိစေချင်တဲ့ သဘောပဲ”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထို့ပြင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့်အဖွဲ့သည် သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ငြိမ်းချမ်းရေးကို ဆက်လုပ်သွားဖို့ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြောင်း ပဒို စောကွယ်ထူးဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတာဆိုတော့ ကျွန်တော်တို့က အခုလက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ခေါင်းဆောင်တွေကို တွေ့တယ်။ နောက်ပြီးတော့ ဦးသိန်းစိန်ကိုလည်း သွားပြီးတော့ နှုတ်ဆက်ပါ တယ်။ သူကတော့ပြောတယ်။ ငြိမ်းချမ်းရေးကတော့ ခင်ဗျားတို့က ဆက်ပြီးလုပ်ရမယ်။ သူကတော့ အနားယူနေတယ်။ လွတ်လွတ်လပ်လပ်ပေါ့ အခုကတော့” ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
KNU ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ကာကွယ်ရေးတာဝန်ခံ ပဒိုစောရောဂျာခင်၊ စီးပွားရေးတာဝန်ခံ ပဒိုစောတာဒိုမူး နှင့် စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး အပါအ၀င် တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်မူ လက်ရှိ ရှမ်းပြည်မြောက်ပိုင်း ဒေသတိုက်ပွဲများ ဖြစ်ပွားနေခြင်း မည်သူမှားသည်၊ မှန်သည် မပြောလိုကြောင်း၊ တိုက်ပွဲတွေ ဖြစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး Process ထိခိုက်ကြောင်း၊ ပြည်သူများလည်း ဒုက္ခရောက်သည့်အတွက် နည်းလမ်းရှာညှိနှိုင်းရန် စသည်ဖြင့် KNU ဘက်က တင်ပြခဲ့ကြောင်း သိရသည်။
KNU သည် ယခင် သမ္မတဦးသိန်းစိန် လက်ထက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက် ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တွင် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
# Eleven